
ဇူလိုင်လ ၂၃ ရက်။
အိန္ဒိယ-မြန်မာနယ်စပ်၊စစ်ကိုင်းတိုင်း၊ ကလေး – တမူး လမ်းကို ခမ်းပတ်မြို့ဘက်ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က ခမ်းပတ်မြို့နားက ကမ္မကြီး (ချင်း) ရွာနဲ့ ကမ္မကြီး (ဗမာ) ရွာတို့ကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဓာတ်ပုံတွေနဲ့အတူ ဇူလိုင်လ ၂၃ ရက်နေ့မှာထုတ်ပြန်ပါတယ်။
ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ယာယီအခြေပြုနေထိုင်တဲ့ ခမ်းပတ်မြို့နယ်ထဲက ကမ္မကြီး (ချင်း) ရွာကို ဇူလိုင်လ ၁၉ ရက်နေ့တွင်လည်းကောင်း၊ ကမ္မကြီး (ဗမာ) ရွာကို ဇူလိုင်လ ၂၁ ရက်နေ့တို့တွင်လည်းကောင်း ထပ်မံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ရဲ့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဆန်းလောက်မှာ သိမ်းပိုက်ခဲ့တဲ့ အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူး အာရှလမ်းမပေါ်က ခမ်းပတ်မြို့ကိုလည်း စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို ဇွန်လ ၃၀ ရက်နေ့မှာ ကနန်ကျေးရွာတို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီကဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးအရ အရေးပါတဲ့ ကလေး – တမူး လမ်းမကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့ ဇွန်လ လဆန်းပိုင်းလောက်ကနေ စလို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးတာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံ ကျေးရွာ ၅၀ ခန့်က ဒေသခံပြည်သူအမြောက်အများ ဘေးလွတ်ရာကို စစ်ဘေးရှောင်ခဲ့ရပါတယ်။

