Headlines

ကလေးမြို့ပေါ်မှာ ဒီနေ့မှာ စစ်ကောင်စီတပ်က လူငယ်တွေကို သေနတ်နဲ့ချိန်ရွယ်ပြီး ပေါ်တာဆွဲခဲ့တယ်လို့ ဒေသခံတွေကဆို

နိုဝင်ဘာလ ၂ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် တာဟန်းရပ်ကွက်မှာ ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့ ၊ နေ့လည်ပိုင်း ၁ နာရီဝန်းကျင်လောက်မှာ ပွဲရုံကို ပစ္စည်းပို့တဲ့ လူငယ် ၂ ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ချိန်ရွယ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး တစ်နေ့ကို ၁၀ ဦးလောက်ကို ပေါ်တာဆွဲနေတယ်လို့ မြို့နေဒေသခံတွေဆီကနေ သိရပါတယ်။

ပွဲရုံမှာ ပစ္စည်းလာပို့တဲ့ လူငယ်နှစ်ဦးကို ကလေးမြို့ ၊ တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီး ပေါ် ဒိုးဝိုင်းချောင်းလမ်းခွဲအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က သေနတ်နဲ့ ချိန်ရွယ်ဖမ်းဆီး သွားတာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ဒိုးဝိုင်းချောင်းသွားတဲ့လမ်းခွဲနား တာဟန်း၊ ဗိုလ်ချုပ်ချုပ်လမ်းမကြီးပေါ်မှာ ပွဲရုံတွေကို ပစ္စည်းလာပို့တဲ့ နှစ်ယောက်ကို သေနတ်တွေနဲ့ပါ ချိန်ပြီးတော့ ဆွဲသွားတယ်လို့သိရတယ် တာဟန်းဘက်ကို တော်တော်ဆွဲနေတယ်လို့ ပြောတယ် လောလောဆယ်မှာတော့ ၂ယောက်ပါသွားပြီ တစ်နေ့ကို အနည်းဆုံး ၁၀ ယောက်လောက်တော့ ဆွဲနေတဲ့ အခြေအနေမျိုးပါ” လို့ပြောပါတယ်။

ကလေးမြို့ပေါ်က အလုပ်သမားလမ်းလို့ လူသိများတဲ့ ဇေယျာလမ်းမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ကလေးတစ်ယောက်ကို ပေါ်တာဆွဲဖမ်းဆီးနေစဉ် ထွက်ပြေးတဲ့ ကလေးကို ပြန်ဖမ်းမိတဲ့အချိန် ထိုးကြိတ်ရိုက်နှက် ကန်ကြောက်ပြီး ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်ခဲ့တယ်လို့လည်း ဒေသခံတွေပြောပါတယ်။

စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းဖို့ လူငယ်တွေကို ရရင် ရသလို ဖမ်းဆီးနေတာဖြစ်ပြီး တချို့ ပိုက်ဆံရှိသူတွေက ပိုက်ဆံပေးပြီး ပြန်လွတ်လာတာတွေ ရှိပေမယ့် နောက်ပိုင်းမှာ ပိုက်ဆံနဲ့ ပြန်ရွေးဖို့လည်း အခုနောက်ပိုင်းမှာ ခက်ခဲသွားပြီဖြစ်တယ်လို့ ကလေးမြို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီရဲ့ ပေါ်တာဆွဲတာ မခံရအောင် လူငယ်တွေအနေဖြင့် အသွားအလာ ဂရုစိုက်ကြဖို့နဲ့ ၎င်းတို့ ရှိတဲ့ နေရာတွေကို ရှောင်ကွင်းသွားလာကြဖို့ကိုလည်း တော်လှန်ရေးအင်အားစုတွေဘက်က ပြောဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *