
နို၀င်ဘာလ ၁၈ ရက်။
မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေအတွက် မှတ်ပုံတင်ခြင်းနဲ့ စာရွက်စာတမ်း ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ကစပြီး ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
ဒီလို ရပ်ဆိုင်းလိုက်တာဟာ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို မှတ်ပုံတင်ပေးတဲ့ လုပ်ငန်းစဉ်ကို မလေးရှားအစိုးရ ဦးဆောင်တဲ့ မှတ်ပုံတင်ရေး အစီအစဉ် (Government-led Registration Programme) အောက်မှာ ပြောင်းလဲဆောင်ရွက်သွားမယ်ဆိုတဲ့ မလေးရှားအစိုးရရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။
UNHCR အနေနဲ့ကတော့ ဒီလို အစိုးရဦးဆောင်မှုနဲ့ ဒုက္ခသည် စီမံခန့်ခွဲမှုစနစ် ပိုပြီးခိုင်မာအားကောင်းလာစေဖို့ မလေးရှားအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အပြည့်အဝ ထောက်ခံတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေရဲ့ အကာအကွယ်နဲ့ အခွင့်အရေးတွေ ဆက်လက်ရရှိစေဖို့၊ လုပ်ငန်းစဉ်တွေကို အဆင့်ဆင့်နဲ့ လက်တွေ့ကျကျ ချောချောမွေ့မွေ့ ကူးပြောင်းနိုင်ဖို့အတွက် အဆိုပြုထားတဲ့ “လုပ်ငန်းစဉ်ကူးပြောင်းရေး လမ်းပြမြေပုံ” နဲ့ပတ်သက်ပြီး မလေးရှားအစိုးရနဲ့ ဆက်လက် ဆွေးနွေးညှိနှိုင်းနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီလမ်းပြမြေပုံမှာ လိုအပ်တဲ့ အကာအကွယ် အစီအမံတွေ ထားရှိဖို့၊ သတင်းအချက်အလက်တွေကို ထိထိရောက်ရောက် အသိပေးဆက်သွယ်ဖို့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ကို အလေးထား ဖော်ပြထားပါတယ်။
ဒီလို ကူးပြောင်းတဲ့ လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ UNHCR ဟာ အပြုသဘောဆောင်တဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုအနေနဲ့ နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်ပေးတာတွေ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အသိပညာနဲ့ အတွေ့အကြုံ မျှဝေတာတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။
ဒါတင်မကဘဲ UNHCR ဟာ တခြားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ တတိယနိုင်ငံကို ပြန်လည်အခြေချနေထိုင်ခွင့် (Resettlement) ဆိုင်ရာ လုပ်ငန်းတွေနဲ့ အရေးပေါ် အကာအကွယ်လိုအပ်နေတဲ့ ဒုက္ခသည်တွေ၊ ခိုလှုံခွင့်တောင်းခံသူတွေကို ကူညီပံ့ပိုးပေးတဲ့ အခြားလုပ်ငန်းစဉ်တွေကိုတော့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ အတည်ပြု ကြေညာထားပါတယ်။

