Headlines

ကမ္ဘာ့အဝန်း မိုင်းကြောင့် ထိခိုက်သေဆုံးမှု ၈၈% ဟာ မြန်မာမှာဖြစ်ပြီး ၃ နှစ်ဆက် အများဆုံးဖြစ်

နို၀◌င်ဘာလ ၂၅ ရက်။

လူကိုယ်တိုင်ထိခိုက်စေတဲ့ မြေမြှုပ်မိုင်းကြောင့် တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားခဲ့တဲ့ ထိခိုက်သေဆုံးမှုရဲ့ ၈၈ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံဟာ သုံးနှစ်ဆက်တိုက် ကမ္ဘာပေါ်မှာ မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့ ၂၀၂၅ ခုနှစ် စာရင်းကို အခြေခံထားတဲ့ ၂၀၂၆ ခုနှစ်ထုတ် Landmine Monitor 2026 အစီရင်ခံစာက ဖော်ပြထားပါတယ်။

လူကိုယ်တိုင်ထိခိုက်စေတဲ့ မြေမြှုပ်မိုင်း (antipersonnel landmines) ကြောင့် ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း မှတ်တမ်းတင်နိုင်ခဲ့တဲ့ ထိခိုက်သေဆုံးသူ စုစုပေါင်း ၁,၃၁၈ ဦး ရှိခဲ့ပြီး အဲဒီထဲက ၁,၁၅၉ ဦး (၈၈ ရာခိုင်နှုန်း) ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကမ္ဘာပေါ်မှာ လူထိခိုက်စေတဲ့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူ ၁၀ ယောက်မှာ ၉ ယောက်နီးပါးဟာ မြန်မာနိုင်ငံက ဖြစ်နေတယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးမှု စုစုပေါင်း ၁,၈၉၁ ဦး ရှိခဲ့ပြီး၊ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေနောက်ပိုင်း သုံးနှစ်ဆက်တိုက် ကမ္ဘာပေါ်မှာ ထိခိုက်မှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်တစ်နှစ်လုံးမှာ ကမ္ဘာတစ်ဝန်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းမျိုးစုံကြောင့် မှတ်တမ်းတင်နိုင်ခဲ့တဲ့ ထိခိုက်သူ စုစုပေါင်း ၆,၉၂၉ ဦး ရှိခဲ့ပါတယ်။ အဲဒီစုစုပေါင်း ၆,၉၂၉ ဦး ထဲမှာ ၁,၉၅၅ ဦး သေဆုံး ပြီး ၄,၉၃၀ ဦး ဒဏ်ရာရ ခဲ့ကာ ၄၄ ဦး ကတော့ သေဆုံး/ဒဏ်ရာရ အခြေအနေ အတိအကျ မသိရသေးဘူးလို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ထိခိုက်သူတွေထဲမှာ အရပ်သား ၈၄ ရာခိုင်နှုန်း (၅,၀၇၈ ဦး) နဲ့ ကလေးငယ် ၅၀ ရာခိုင်နှုန်း (၁,၆၉၀ ဦး) ပါဝင်နေပြီး၊ ဒီကိန်းဂဏန်းတွေဟာ သိရှိမှတ်တမ်းတင်နိုင်တဲ့ အရေအတွက်တွေသာ ဖြစ်တာကြောင့် ပဋိပက္ခဒေသတွေအတွင်း မှတ်တမ်းမတင်နိုင်တဲ့ ဖြစ်စဉ်တွေလည်း ရှိနေနိုင်တယ်လို့ Landmine Monitor 2026 အစီရင်ခံစာက ဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၉၇ မိုင်းတားမြစ်ရေး စာချုပ်ဝင်မဟုတ်တဲ့ နိုင်ငံ (state not party) ဖြစ်ပြီး၊ စစ်တပ်ဘက်က မိုင်းအသုံးပြုမှုနဲ့ ထုတ်လုပ်မှု (KaPaSa) အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်/နယ်ခြားစောင့်တပ်တွေနဲ့ ခုခံတော်လှန်ရေးအဖွဲ့တွေ (PDF/NSAGs) ရဲ့ မိုင်းအသုံးပြုမှု စွပ်စွဲချက်တွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း မိုင်းဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အချိန်ကာလ အတိအကျ ခွဲခြားရန် ခက်ခဲပြီး၊ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ သတင်းရင်းမြစ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ/NUG နဲ့ ဆက်နွှယ်တဲ့ သတင်းရင်းမြစ်တွေအကြား ကျူးလွန်သူအဖြစ် ညွှန်းဆိုဖော်ပြချက်တွေ ကွဲပြားလေ့ရှိနေသလို ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တစ်လျှောက် ထိခိုက်မှုတွေမှာလည်း ကျူးလွန်သူကို အတည်မပြုနိုင်သေးတဲ့ အခြေအနေတွေ ရှိနေပါတယ်။ ၂၀၂၄ ခုနှစ် မေလမှာ အာရက္ခတပ်တော် (AA) က နယ်စပ်ဒေသကို ထိန်းချုပ်ပြီးနောက်ပိုင်း ဖြတ်သန်းသွားလာမှုနဲ့ မိုင်းအန္တရာယ် ဆက်စပ်မှု မှတ်တမ်းတင်ထားကြောင်း ဖော်ပြထားပေမယ့် အသေးစိတ်အချက်အလက်ကို ဖော်ပြထားနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

Landmine Monitor 2026 အစီရင်ခံစာဟာ အရပ်ဘက်အဖွဲ့အစည်းတွေ (ICBL-CMC) က စုစည်းထားတဲ့ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ ဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရ/သေဆုံးမှု စာရင်းတွေဟာ ၂၀၂၅ ခုနှစ်ကို အခြေခံထားကာ မူဝါဒပိုင်းနဲ့ အချို့သော မှတ်တမ်းတွေကိုသာ ၂၀၂၆ ခုနှစ်အထိ အပ်ဒိတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *