
နိုဝင်ဘာ ၂၁ ရက်။
ချင်းနဲ့ မီဇိုလူမျိုးဂီတလောကရဲ့ ရှေ့ဆောင် Rock တီးဝိုင်းတစ်ခုဖြစ်တဲ့ Vulmawi Band ရဲ့ ဂီတသက်တမ်း နှစ် (၅၀) ပြည့် ရွှေရတု တေးဂီတဖျော်ဖြေပွဲ (Golden Jubilee Concert )ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊အိုင်ဇောလ်မြို့၊Vanapa Hall မှာ နိုဝင်ဘာလ ၂၀ ရက်ညမှာ ကျင်းပသွားခဲ့ပါတယ်။
Vulmawi Band ရဲ့ ဂီတသက်တမ်း နှစ် (၅၀) ပြည့် ရွှေရတု တေးဂီတဖျော်ဖြေပွဲမှာ နှစ်ပေါင်း ၄၀ ကျော်ကြာ ခွဲခွာနေခဲ့ကြတဲ့ နာမည်ကျော် တေးရေး/ တေးဆို ဆလိုင်းသောနအပါအဝင် Vulmawi Band ရဲ့ မူလအဖွဲ့ဝင်တွေ ပြန်လည်ဆုံစည်းပြီး အတူတကွ သီဆိုဖျော်ဖြေသွားခဲ့ကြပါတယ်။
Vulmawi Band ကို ၁၉၇၆ ခုနှစ်မှာ မြန်မာနိုင်ငံ၊ မန္တလေးမြို့မှာ Lead Guitarist Lalbuta (Lead Butta) ဦးဆောင်ပြီး Siama၊ Lalruanga၊ Hmingliana၊ Zara၊ Salai Tawna နဲ့ Rihlipui Nghaka တို့နဲ့အတူ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်က ချင်းနဲ့ မီဇိုဂီတလောကမှာ ရိုးရာဂီတနဲ့ Acoustic Guitar တွေကို အဓိကအသုံးပြုနေကြချိန်ဖြစ်ပြီး Vulmawi Band က Electric Guitar၊ Bass Guitar နဲ့ Drums တွေကို အသုံးပြုတဲ့ အနောက်တိုင်း Rock ဂီတပုံစံကို စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို Mizo Rock ဂီတရဲ့ ဘိုးအေ (Grandfather of Mizo Rock) လို့လည်း ခေါ်ဝေါ်ကြပါတယ်။
Vulmawi Band ရဲ့ ပထမဆုံးတေးစီးရီးဖြစ်တဲ့ ‘Raldawna Leh Tumchhingi’ ကို ၁၉၇၆ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး နောက်ပိုင်းမှာ ‘Parmawi Rimtui’ (၁၉၈၁) နဲ့ ‘Kawl A Eng Tan Ta’ (၁၉၈၂) စတဲ့ တေးစီးရီးတွေကိုလည်း ထုတ်ဝေခဲ့ပါတယ်။

