
Chin Nation-Building: From Local to National
Salai Ceu Bik Thawng
ချင်းအမျိုးသား တည်ဆောက်ရေး၏ စိန်ခေါ်မှုတစ်ခုမှာ မြို့နယ်/နွယ်စုဝါဒီ(localist) များပြီး အမျိုးသားဝါဒီ (nationalist) နည်းနေခြင်းဖြစ်ပါတယ်။ ထိုသို့ပြောခြင်းအားဖြင့် မြို့နယ်/ဒေသ(နွယ်စု) ခေါင်းဆောင်များကို သက်သက်အပြစ်တင်ဖို့မဟုတ်ပါ။ ယင်းသို့ဖြစ်ရခြင်းမှာ သမိုင်းနှင့်ချီပြီး အကြောင်းရင်း များစွာရှိပါတယ်။ အရေးကြီးတာက ၎င်းစိန်ခေါ်မှု(challenge)ကို အခွင့်အရေး(opportunity)အဖြစ် ဘယ်လို အသုံးချနိုင်မလဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။
မေးခွန်းပုံစံဖြင့် နည်းနည်းရှင်းပြကြရအောင်။ ဆရာကြီး Benedict Anderson က Nation(လူမျိုး/တိုင်းပြည်)ဆိုတာ imagined community (စိတ်ကူး ပုံဖော်ထားသော အသိုက်အဝန်း)ဟု အနက်ဖွင့်ထားပါတယ်။ ချင်းပြည်သူ ခပ်များများကို “ချင်းလူမျိုးရဲ့ အလျှားအနံ”ကို စိတ်ကူးပုံဖော်ခိုင်းရင် ဘယ်လောက်အထိ ပုံဖော်နိုင်မည်ထင်သဲ။
Rupert Emerson ကလည်းပြောတယ်။ Nation ဆိုတာ ‘ငါတို့(We)’ ဆိုတဲ့ ပိုင်ဆိုင်မှု စိတ်ဓတ်ကို အခြေခံတာတဲ့ (တစ်နည်း in-group ပေါ့)။ သူတို့(they သို့မဟုတ် out-group) ဆိုရင် လူမျိုးခြားပေါ့။ အဲဒီ ဖော်မြူလာနဲ့ ချင်းပြည်သူတွေကို မေးကြည့်ပါစို့။ “ငါတို့၊ ငါတို့လူမျိုး’လို့ ပြောရင် ဘယ်အထိ အကျုံးဝင်သလဲပေါ့။ အများစုက ဘယ်လောက်အထိ အကျုံးဝင်/လွှမ်းခြုံခိုင်းမယ်ထင်သလဲ။
အမေရိကန် နိုင်ငံသားလျှောက်ရင် Civics Test (100 Questions) ဖြေရတယ် (အခုဆို ၁၂၈ ချက်ချက်ရှိပြီ)။
ကျန်တော်တို့ကပြောတယ်။ ချင်းလူမျိုးဆိုတာ နိုင်ငံသုံးခုမှာ ပိုင်းခြားခြင်းခံရတယ်။ လူဉီးရေအားဖြင့် နှစ် သန်းကျော်တယ်။ အဲဒီအခြေခံဖြင့် ချင်းလူပြည်သူများကို မေးခွန်းပေါင်း ၁၀၀ ကျော် စာမေးပွဲ ဖြောဆိုခိုင်းလျှင် ရာခိုင်နှုန်း ဘယ်လောက်က အောင်မှန်ရမည်ထင်ပါသလဲ။
ကျန်တော်လောက် ချင်းပြည် တစ်နံတစ်လျား နှံ့စပ်သွားလာတဲ့သူ ရှားလိမ့်မယ်။ ကိုယ်တိုင်တွေ့ကြုံမှုအရ သာမန်ချင်းပြည်သူအများစုက ၂၀၂၁ အာဏာမသိမ်းခင်အထိဆို ကိုယ့်ဒေသ/မြို့နယ်/နွယ်စုအပြင် ချင်းအကြောင်း သိရှိမှု အင်မတန် နည်းပါတယ်။ ဉပမာအားဖြင့် ချင်းပြည်ရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက် အစွန်အဖျားမှာရှိတဲ့ ချင်းမျိုးနွယ်စုတွေဖြစ်တဲ့ Vaiphei, Hmar, Rawngtu, Otpu, Anu, Mro, Maria, Thor, Sumtu စသည့်တို့ဟာ ဘယ်သူတွေလဲ၊ ဘယ်မှာ ရှိကြသလဲ။ Khuangsai နဲ့ Khawngsu၊ လေးသူနဲ့ လောက်တူ၊ ဘာကွာသလဲ သိတဲ့သူနည်းမယ်။
ချင်းမှာ စကား/နွယ်စုကွဲ ဘယ်လောက်ရှိသလဲ။?
တစ်နည်းအားဖြင့် ပြောရရင် ချင်းလူမျိုးထဲမှာ ကိုယ့်လူမျိုးအကြောင်း ကဂနဏ သိတဲ့သူ ငါးရာခိုင်းနှုန်းပြင် ရှိမလား။ ချင်းခေါင်းဆောင်ဆိုတဲ့သူများသည်ပြင် အများစုက ချင်းအကြောင်း ကောင်းကောင်းသိကြသလား။
ဒါတွေက ဘာကြောင့်ဖြစ်တာလဲ။ ခေါင်းဆောင်တွေကိုပဲ အပြစ်တင်ရမလား။ မဟုတ်ပါ။
အဓိကကတော့ သမိုင်းကြောင်းအရ ချင်းလူမျိုးတွေဟာ ချင်းတောင်တက်ပြီးနောက်ပိုင်း ရွာအလိုက်ဖြင့်သာ စုစည်း(အုပ်ချုပ်)နေထိုင်ခဲ့ကြတယ်။ အဲဒါကြောင့် F.S. Downs (၁၉၈၃)နှင့် Stevenson တို့က village states(ကျေးရွာ နိုင်ငံများ)ဟု တင်စားခဲ့ကြတယ်။ နောက်ပိုင်းမှာ ရွာအုပ်စုများနှင့် တောင်ကျော/တိုက်နယ်များ စသည်ဖြင့် စုစည်းလာခဲ့ကြပါတယ်။ တောင်နှင့်ချောင်းကို မကျော်လွှားနိုင်ခဲ့ကြတာ။
နောက်ပိုင်း Lushai/Mizo မှာဆိုရင် Sailo မျိုးတွေက ကျေးရွာပေါင်း ၄၀၀ ခန့်စုစည်းနိုင်ခဲ့ပြီး Sukte/Tedim ဘက်မှာလည်း Khan Thuam နှင့် Kam Hau သားအဖက ကျေးရွာပေါင်း ၁၅၀ ခန့်စုစည်းနိုင်ခဲ့တယ်။ အလားတူ Falam ဘက်မှာ Tlaisun (+Zahau စသည်တို့)က ကျေးရွာပေါင်း ၁၅၀ ခန့်နှင့် Halkha ဘက်တွင် Zaathang (+Cinzah စသည်တို့)က ရွာပေါင်း ၁၀၀ ခန့် စသည်ဖြင့် စုစည်းနိုင်ခဲ့ကြတယ်။ သို့သော် အများစုတွင် ထိုသို့ စုစည်းနိုင်ခဲ့ခြင်းမရှိဘဲ Tuck and Garey (The Chin Hills – 1896)အရ ကျန်နေရာအများစုတွင် မျိုးနွယ်စုစနစ် (Tribal System) မည်မည်ရရ မရှိခဲ့ခြေ။
ဆိုရလျှင် မွန်၊ ရခိုင်၊ ဗမာကဲ့သို့ ချင်းအများစုကို စုစည်းအုပ်ချုပ်နိုင်ခဲ့သည့် ဘုရင်စနစ်မျိုး မရှိခဲ့ပေ။ တစ်နည်းအားဖြင့် ချင်းတစ်မျိုးသားလုံး စုစည်းသည့် အုပ်ချုပ်မှု ယန္တရား မရှိခဲ့ပေ။ ထိုမှ အင်္ဂလိပ်တွေက လာရောက် စုစည်း/ခွဲထုတ်အုပ်ချုပ်ခဲ့ရာ ရာစုနှစ်ထက်ဝတ်ခန့်၊ ထိုမှ လွတ်လပ်ရေးရပြီး ဗမာအစိုးရ အဆက်ဆက်က နှစ်ပေါင်း ၇၀ ကျော် အုပ်ချုပ်လာပါတယ်။
အဲလိုနဲ့ပဲ ချင်းလူမျိုးတွေက နှစ်ပေါင်း ၁၃၀ ကျော် သူတစ်ပါးလက်အောက်မှာ ရောက်သွားပြီး အမျိုးသားအဆင့် စုစည်းအုပ်ချုပ်ခွင့် နစ်နာနေရပါတယ်။ သူတစ်ပါး အုပ်ချုပ်မှုအောက်မှာ အမျိုးသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (National Self-Determination) မရရှိဘဲ ပညာရေးကအစ နောက်ကျကျန်ရစ်ပြီး ကိုယ့်သမိုင်းနှင့် ကိုယ့်လူမျိုးအကြောင်းကိုပြင် သင်ကြားသိရှိခွင့် မရှိခဲ့ပေ။ ဒါကို ခံစားချက် သက်သက်ဖြင့် ပြောဆိုခြင်းမဟုတ်ပါ။ သွေးချင်း ညီအကို မီဇိုရမ်းပြည်နယ်ကို ကြည့်ပါ။ သူတို့က ပညာရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိလို့ အခြေခံပညာ ပြီးမြှောက်သူတိုင်း ကိုယ့် ပြည်နယ်/လူမျိုးအကြောင်း ပိုင်ပိုင်နိုင်နိုင် သိရှိနားလည်သွားတယ်။ ဒါက သက်သေပါ။
၂၀၂၁ အာဏာသိမ်းမှုအလွန် နွေဉီးတော်လှန်ရေးနှင့်အတူ ချင်းတော်လှန်ရေးခေါင်းဆောင်များက စလုံရေစဖြင့် ချင်းအမျိုးသား စုစည်းအုပ်ချုပ်ဖို့ ကြိုးပမ်းနေကြ ပါတယ်။ ဒီနေ့အထိ မအောင်မြင်သေးလို့ အရမ်းကြီး စောဒက တက်ဖို့တော့ မသင့်ပါ။ အမျိုးသားစုစည်းညီညွတ်မှုဆိုတာ နေ့ချင်းညချင်း ဖော်ဆောင်ဖို့ ခက်ပါတယ်။
အဲဒါကြောင့် အာဏာသိမ်းမှုနှင့်အတူ ချင်းတော်လှန်ရေးအုပ်စုများ ကိုယ့်မြို့နယ်/ဒေသအလိုက် ပြန်သွားနေခြင်း (Back to Local)သည် အတန်အသင့် နားလည်လို့ရပါတယ်။ အဓိက အရေးကြီးတာက အဲဒီ Local ကနေ National (အမျိုးသားအဆင့်)ကို ဘယ်လို ပြန်သွားရမလဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Local ကို ပြန်သွားတာ ပြသနာ မဟုတ်၊ အဲဒီ Local မှာ သာယာနေခြင်းကသာ ပြသနာဖြစ်ပါတယ်။
ချင်းအမျိုးသားတည်ဆောက်ရေး ဖြစ်စဉ် (Chin Nation-Building Process) မှာ ကျေးရွာ ခေါင်းဆောင်မှုနှင့် နွယ်စု/မြို့နယ်အဆင့် ခေါင်းဆောင်မှု စသည်ဖြင့် အလွှာလိုက် တည်ရှိဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ သို့သော် ဒီချိန်မှာ လူအင်အား အလိုအပ်ဆုံးနှင့် ဟာနေတဲ့နေရာက အမျိုးသားအဆင့်(National Level) ဖြစ်ပါတယ်။
ထို့ကြောင့် Pro-Local သမားအဆင့်မှ Pro-National (Pro-Chin) အဆင့်သို့ မျိုးဆက်သစ် လူငယ် ခပ်များများ တက်လှမ်းဖို့ သင့်ပါပြီ။ တိုင်းနှင့်ပြည်နယ်အဆင့်မှာ ကစားနိုင်မယ့် ကစားသမား ခပ်များများ မြို့နယ်နှင့် တောင်ကျောအဆင့်မှာ စုပုံပြီး ကစားနေကြာတာမျိုး မဖြစ်အောင် ကစားကွက်(line-up)ကို ပြန်သုံးသပ်ဖို့ လိုနေပါတယ်။
ဒါကြောင့် အမျိုးသားအဆင့် အင်စီတီကျူးရှင်းဖြစ်မယ့် Chin National Council လိုဟာမျိုးကို ကိုယ့်ရဲ့ မြို့နယ်/ဒေသနှင့် အဖွဲ့အစည်း အကျိုးစီးပွား(interest) ရှေ့တန်းမတင်ဘဲ အမျိုးသားအကျိုးစီးပွား ရှေ့ရှုလျက် သက်ဆိုင်ရာ တာဝန်ရှိ ခေါင်းဆောင်များက တက်တက်ကြွကြွနှင့် အကောင်အထည်ဖော်သင့်ပြီ။
Salai Ceu Bik Thawng

