Headlines

ပြည်နယ်တွေအမည်ထက် မြန်မာနိုင်ငံအမည်ကို အရင်ပြောင်းလဲဖို့လို

Salai Ceu Bik Thawng

ပြည်နယ်တွေရဲ့အမည်တွေပြောင်းလဲသတ်မှတ်ဖို့အာဏာသိမ်းစစ်ခေါင်း​ဆောင်၊နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်က ပြီးခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ၁၁ နှစ်ပတ်လည်နေ့အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“ပြည်နယ်တစ်ခုဟာ လူမျိုးတစ်မျိုးတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဲဒီဒေသမှာ နေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတဲ့ သဘောထားကို အလေးထားဖို့ လိုပါတယ်၊ ဒေသတွင်းနေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်အမည် သတ်မှတ်ရေးနဲ့ပတ်သက်ပြီးလည်း အမျိုးသားစည်းလုံး ညီညွတ်ရေးကို ရှေးရှုပြီး အားလုံး ဝိုင်းဝန်းစဉ်းစားအဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ် ” လို့ သူက ထောက်ပြခဲ့ပါတယ်။

၎င်းထောက်ပြချက်ဟာ တစ်ဝက် မှန်တယ်လို့ ဆိုရမယ်။ မြန်မာနိုင်ငံကဲ့သို့ လူမျိုးပေါင်းစုံ၊ ဘာသာသာသနာ ပေါင်းစုံ နေထိုင်တဲ့ နိုင်ငံမှာ အရာရာတွင် လူမျိုးတစ်မျိုးတည်းက လွှမ်းမိုးတာမျိုး၊ မောင်ပိုင်စီးတာမျိုး မရှိသင့်။ အမျိုးသားတန်းတူရေး အရေးကြီးပါတယ်။ ရှမ်းပြည်နယ်မှာ တိုင်းရင်းသားလူမျိုး တစ်ဒါဇင်ခန့်ရှိ( ၃၃မျိုး ဆိုတာ မမှန်ကန်)ရာ အဲဒီအထဲမှာ လူဉီးရေအများဆုံးဖြစ်တဲ့ ရှမ်းလူမျိုးက အရာရာတွင် မောင်ပိုင်စီးတယ်လို့ ကျန်တိုင်းရင်းသားများက ခံစားတာမျိုး မဖြစ်သင့်သလို တစ်နိုင်ငံလုံးအတိုင်းအတာတွင်လည်း လူဉီးရေအများဆုံးဖြစ်တဲ့ ဗမာ/မြန်မာလူမျိုးက အခြားတိုင်းရင်းသားများ (လူမျိုး ၃၀ ခန့်ရှိ၊ ၁၃၅ မျိုးမဟုတ်)အပေါ် အထူးအခွင့်အရေး(special status) ယူတာမျိုး မဖြစ်ဖို့ လိုအပ်ပါတယ်။

နိုင်ငံတော်ရဲ့ အုပ်ချုပ်‌ရေးယူနစ်(Administrative Unit)များကို အမည်နာမ ပေးတဲ့အခါမှာ သမိုင်းကြောင်း အခြေခံရန် အရေးကြီးသလို၊ အလားတူ ဒေသအတွင်းက စုံလင်ကွဲပြားသူများက “ငါလည်းပါဝင်တယ်၊ ငါလည်းပိုင်ဆိုင်တယ်” ဆိုတဲ့ Sense of Belonging and Inclusive ဖန်တီးနိုင်ဖို့လည်း အရေးကြီးပါတယ်။ အဲဒီယူနစ်ကို လူမျိုး/ဘာသာပေါင်း တစ်ခုတည်းအခြေခံဖြင့် ဖွဲ့စည်းခဲ့သလား၊ လူမျိုး/ဘာသာပေါင်းစုံဖြင့် ဖွဲ့စည်းခဲ့သလား၊ အမှတ်သညာ(identity)ကို အခြေမခံဘဲ ပထဝီဝင်ဒေသကို အခြေခံပြီး ဖွဲ့စည်းခဲ့သလား၊ ဆိုတဲ့အချက်တွေကို အဓိက ထည့်သွင်းစဉ်းစားရပါမယ်။

ခေါင်းစဉ်ကို ပြန်သွားရအောင်။ ဦးမင်းအောင်လှိုင်စကားအတိုင်း ပြန်မေးရရင် “ဒီနိုင်ငံဟာ(လည်း) လူမျိုးတစ်မျိုးတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ နိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့အတွက် ဒီနိုင်ငံအမည်နာမ(မြန်မာ/ဗမာ)ကိုလည်း အခြားနာမည်အသစ်နဲ့ ပြောင်းလဲသတ်မှတ်ရမယ် မဟုတ်ဘူးလား”လို့။

အကြောင်းမှာ မြန်မာဆိုတဲ့ အမည်နာမရော ဗမာဆိုတဲ့ အမည်နာမရော တိုင်းရင်းသားအားလုံးကို လွှမ်းခြုံတဲ့ နာမည်မဟုတ်ပါ။ ပြည်မမှာ အခြေချတဲ့ လူမျိုးတစ်ခုကို ကိုယ်စားပြုတဲ့ နာမည်သာဖြစ်ပါတယ်။ ဒါကြောင့် ချင်းခေါင်းဆောင်ကြီး သမိုင်းပညာရှင် Pu Lian Uk က “We Are Neither Myanmar Nor Burma(ကျန်တော်တို့က မြန်မာရော ဗမာရော မဟုတ်ပါ)” ဆိုပြီး ရေးသားခဲ့ဖူးပါတယ်။ အလားတူ မွန်လက်နက်ကိုင် ခေါင်းဆောင် ဉီးနိုင်ဟံသာက UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ)ကိုယ်စား ၂၁ ရာစု ပင်လုံညီလာခံ(၂၀၁၆ခုနှစ်)မှာ “(မြန်မာရော ဗမာရော) လူမျိုးတစ်မျိုးကိုသာ ရည်ညွန်းခြင်းကြောင့် တိုင်းရင်းသားလူမျိုးအားလုံးကို ကိုယ်စားပြုနိုင်တဲ့ နိင်ငံအမည်သစ်တစ်ရပ်ကို စဉ်းစားသင့်ကြောင်း အဆိုပြုခဲ့ပါတယ်။

ပညာရှင်များအဆိုအရ သမိုင်းမှတ်တမ်းမှာ ဗမာမတိုင်ခင် မြန်မာဆိုတာ အရင်ရှိခဲ့ပါတယ်။ အေဒီ ၁၂ နှင့် ၁၃ ရာစုဝန်းကျင်က မွန်၊ ပုဂံကျောက်စာနှင့် ခေါင်းလောင်းများတွင် မြမ္မာ/မြံမာ (mranma) ဆိုတဲ့ မှတ်တမ်းများ ရှိခဲ့ပြီဖြစ်ပါတယ်။ ‘ဗမာ’ဆိုတဲ့ နာမည်ကို သမိုင်းမှတ်တမ်းမှာ အရင်ဆုံးတွေ့ရှိရသည်မှာ ၁၅၅၀ ခုနှစ် ရွှေစည်းခုံခေါင်းလောင်းစာ ဖြစ်ပါတယ်။

ပြောရလျှင် မြန်မာရော၊ ဗမာရော မွန်ဘာသာဖြင့် မှတ်တမ်းတင်မှုမှ အမြူတေသည်ဟုပြင် ဆိုရလိမ့်မယ်။ (ဗမာဆိုတာ မြန်မာကို မွန်အသံထွက်ဖြစ်ဟု နန်းလှိုင်က ရေးသားခဲ့- Journal of MAA&S-၂၀၂၄ခုနှစ်)။
ဗမာ(Bamar/Burman/Burma) ဆိုတာ ပညာရှင်များအဆိုအရ အိန္ဒိယ/ဘင်္ဂလီတို့က Brahmaputra မြစ် အရှေ့ဘက် ဧရာဝတီမြစ်တစ်ဝှမ်းကို Brahmadesh/Brahmadesa လို့ ခေါ်တာဖြစ်တယ် (A. P. Phayre-1883, Taw Sein Ko-1896)။ Brahmā = ဗြဟ္မာ၊ Brahmin = ပုဏ္ဏား စသည်တို့နှင့်လည်း ဆက်ဆပ်လို့ရတယ်။ တရုတ်လူမျိုးတွေက မြန်မာ(mrimma)ကို Mein လို့ခေါ်တယ် (G. H. Luce – 1958)။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ(Myanmar)နှင့် ဗမာ(Bamar) ဆိုတာ ‘မ(m)’နှင့် ‘ဗ(b)’ ဆိုတဲ့ အစဗျည်းတစ်လုံးပဲ ကွာတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဗမာဆိုတာ မြန်မာရဲ့ အရပ်သုံးပြောစကားပုံစံ (colloquial) ဖြစ်တယ် (Henry Yule – 1886)။ ဒါကြောင့် ဟိုဟာက လူမျိုးအခေါ်၊ ဒီဟာက တိုင်းရင်းသားအားလုံး ခြုံငုံတဲ့အခေါ် ဆိုတာမျိုးဟာ ဒေါက်တာ မင်းဇင်အဆိုရ name-game(နာမည်ကစားမှု) သက်သက်သာဖြစ်ပါတယ်။

ခြုံပြောရလျှင် ဦးမင်းအောင်လှိုင် အနေဖြင့် တိုင်းရင်းသား လူမျိုးသားလုံး ပိုင်ဆိုင်မှု စိတ်ဓာတ်နှင့် ခံစားချက်ကို အမှန်တကယ် ဖော်ဆောင်လိုပါက ပြည်နယ်နာမည် ကိစ္စမတိုင်ခင်မှာ နိုင်ငံတော် အမည်နာမ ပြောင်းလဲသတ်မှတ်ရေးကို အရင်လုပ်ဆောင်ဖို့ သင့်ပါကြောင်း။

ဆလိုင်း ကျဲအိုဘိခ်ထောင်း

Leave a Reply

Your email address will not be published. Required fields are marked *