Headlines

အိမ်ခြေမိသားစု ၅၀၀၀ ဝန်းကျင်ခန့်က မှီခိုနေရတဲ့ ကလေးမြို့ကျေးလက်ကျန်းမာရေးဌာန( တာဟန်း)တည်ဆောက်ဆဲအဆောက်အအုံတွေကို ပြန်ဆောက်မယ်လို့သိရ

အောက်တိုဘာလ ၂၁ ရက်။

အိမ်ခြေမိသားစု ၅၀၀၀ ဝန်းကျင်ခန့်က မှီခိုနေရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ တောင်ဖီလာရပ်ကွက် နယ်မြေ(၄) မှာတည်ရှိတဲ့ ကျေးလက်ကျန်းမာရေးဌာန ( တာဟန်း) ရှိ ဆောက်လုပ်လက်စ ၄ ထပ်အဆောက်အအုံနဲ့အဆောက်အအုံဟောင်းတွေကို လာမယ့် ၂၀၂၇ – ၂၈ ဘဏ္ဍာရေးနှစ်မှာ ပြန်လည်ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ ကလေးခရိုင် ၊ ကျေးလက်ကျန်းမာရေးဌာန ( တာဟန်း) ရှိ ဆောက်လက်စ ၄ ထပ်အဆောက်အအုံတွေ အဆောက်အအုံအဟောင်းတွေ ပြန်လည်ပြင်ဆင်တဲ့ လုပ်ငန်းတွေ ဟာ မပြီးစီးဘဲ ရပ်နားထားတာ ၃ နှစ်ကြာနေပြီဖြစ်ပြီး ပြန်လည်ဆောက်လုပ်ဖို့ အစီအစဉ် ရှိ/ မရှိ ကလေးမြို့နယ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သန်း က အောက်တိုဘာလ ၁၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တတိယအကြိမ်ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့တာဖြစ်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၇ – ၂၀၂၈ ခုနှစ်မှာ ပြန်လည်စတင်သွားမှာဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။

ကျေးလက်ကျန်းမာရေးဌာန ( တာဟန်း) အဆောက်အအုံအသစ်ဆောက်လုပ်တာတွေကို ၂၀၂၃ဘဏ္ဍာရေးနှစ်မှာ ခွင့်ပြုရန်ပုံငွေဖြင့် ကျန်းမာရေးဝန်ဌာနက ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အပ်နှင်းထားတဲ့ လုပ်ငန်းတွေဟာ ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ၃ နှစ်အကြာရပ်နားထားခဲ့ရတာလည်းဖြစ်ပါတယ်။

တောင်ဖီလာရပ်ကွက် နယ်မြေ(၄) အတွင်းမှာတည်ရှိတဲ့ ကျေးလက်ကျန်းမာရေးဌာန (တာဟန်း) ကို တာင်ဖီလာရပ်ကွက်၊ တာဟန်းရပ်ကွက်၊ စမ်းမြို့ရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက် ၊ အင်ဒိုင်းကုန်းရပ်ကွက်၊ ကြို့သုံးပင်ရပ်ကွက်၊ ဒိုးဝန်းချောင်းကျေးရွာတွေက အိမ်ထောင်စု ၅ ထောင်ကျော်က အားကိုးအားထားရတဲ့ ကျးလက်ကျန်းမာရေးဌာနဖြစ်တယ်လို့လည်း သိရပါတယ်။

မိခင်နဲ့ကလေးကျန်းမာရေးစောင့်ရှောက်ခြင်း ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေးစောင့်ရှောက်ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း တွေလုပ်ဆောင်ပေးနေတဲ့ ကျေးလက်ကျန်းမာရေးဌာနလည်း ဖြစ်ပါတယ်။

အဆောက်အအုံဟောင်းတွေကို ဖျက်သိမ်းပြီး ဝန်ထမ်းအိမ်ယာအသစ်နဲ့ အဆောက်အအုံအသစ်တွေ ဆောက်လုပ်ပေးဖို့နဲ့ ဆေးရုံလုံခြုံရေးအတွက် ခြံစည်းရိုးကာရံတာတွေအပြင် ကျန်းမာရေးဝန်ထမ်း မလုံလောက်တာတွေကိုလည်း ဖြည့်ဆည်းပေးဖို့ လွှတ်တော်မှာ ကျန်းမာရေးဝန်ကြီးဌာနဘက်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *