
အောက်တိုဘာလ ၂၁ ရက်။
ဘုရားကျောင်းမှာ မစ္ဆားတရားပွဲ ကျင်းပနေချိန် လက်ဝါးကပ်တိုင် ပြုတ်ကျထိမှန်ပြီး ပျံလွန်တော်မူခဲ့တဲ့ အီကွေဒေါ ဘုန်းတော်ကြီး Patricio ရဲ့ နောက်ဆုံးခရီး ဈာပနအခမ်းအနားကို ဒီနေ့ အောက်တိုဘာလ ၂၁ ရက်မှာ မိသားစုဝင်တွေနဲ့ ဘာသာတူတွေက သူ့ရဲ့ မွေးရပ်ဇာတိမြေမှာ ကျင်းပပြုလုပ်ပြီး နောက်ဆုံး နှုတ်ဆက်ဂါရဝပြုခဲ့ကြပါတယ်။
အသက် ၅၃ နှစ်အရွယ် ဘုန်းတော်ကြီး Patricio ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က အီကွေဒေါနိုင်ငံ၊ Guayaquil မြို့မှာရှိတဲ့ Perpetuo Socorro ဘုရားကျောင်းမှာ မစ္ဆားတရားပွဲကို လူမှုကွန်ရက်ကနေ တိုက်ရိုက်ထုတ်လွှင့် ကျင်းပနေချိန် နံရံမှာ ချိတ်ဆွဲထားတဲ့ ကြီးမားတဲ့ သစ်သားလက်ဝါးကပ်တိုင်ကြီး ပြုတ်ကျထိမှန်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူသွားခဲ့တာ ဖြစ်ပါတယ်။
ဒီကြေကွဲဖွယ် ဖြစ်စဉ်အပြီး နောက်တစ်ရက်မှာတော့ အဲဒီဘုရားကျောင်းမှာပဲ ဘုန်းတော်ကြီးတွေ၊ လုပ်ဖော်ကိုင်ဖက် သာသနာ့ဝန်ထမ်းတွေနဲ့ ဒေသခံ ကက်သလစ်ဘာသာတူ အများအပြား စုဝေးခဲ့ကြပြီး ဘုန်းတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို ဂါရဝပြု နှုတ်ဆက်တဲ့ အောက်မေ့ဖွယ် မစ္ဆားတရားပွဲ ကျင်းပခဲ့ကြပါတယ်။
အဲဒီနောက် အောက်တိုဘာလ ၂၀ ရက်မှာ ဘုန်းတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို မွေးရပ်ဇာတိဖြစ်တဲ့ ကွမ်ကာ (Cuenca) မြို့ဆီ ပြန်လည်သယ်ဆောင်ခဲ့ပြီး၊ အောက်တိုဘာလ ၂၁ ရက် မနက်ပိုင်းမှာ Camposanto Santa Ana သုသာန်မှာ မိသားစုဝင်တွေ၊ ဆွေမျိုးတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ စုံစုံလင်လင်နဲ့ နောက်ဆုံး ဈာပနမစ္ဆားတရားပွဲ ကျင်းပကာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။
ဘုန်းတော်ကြီး Patricio ဟာ စိန့်အယ်လ်ဖွန်ဆို တည်ထောင်ခဲ့တဲ့ ရွေးနှုတ်ရှင်အသင်းဂိုဏ်း (Redemptorists) ဝင် ရဟန်းတော်တစ်ပါး ဖြစ်သလို ရဟန်းသိက္ခာခံယူခဲ့တာ ၂၁ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဘုန်းတော်ကြီးရဲ့ မိသားစုဝင်တွေကတော့ ဘုရားကျောင်းထဲမှာ အခုလို ကြီးမားတဲ့ လက်ဝါးကပ်တိုင်ကြီး ဘာကြောင့် ပြုတ်ကျခဲ့ရသလဲဆိုတဲ့ အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အကြောင်းရင်းမှန်ကို အာဏာပိုင်တွေဘက်က သေချာ စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားကြပါတယ်။
(သတင်းရင်းမြစ် — El Comercio / Teleamazonas / Expreso)

