Headlines

ဖမ်းဆီးခံ ခရစ်ယာန်သင်းအုပ်ဆရာတွေလွတ်မြောက်ရေး တောင်းဆိုပေးဖို့ ထရမ့်အစိုးရကို ဘာသာပေါင်းစုံအဖွဲ့ တိုက်တွန်း

နို၀င်ဘာလ ၂၅ ရက်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခရစ်ယာန်ဘာသာ သင်းအုပ်ဆရာ Thian Lian Sang၊ သင်းအုပ်ဆရာ Salai Ayla Lone Wai အပါအဝင် မိမိတို့ရဲ့ ယုံကြည်ကိုးကွယ်မှု ဒါမှမဟုတ် လူမျိုးရေးနဲ့ ဘာသာရေး နောက်ခံကြောင့် အကျဉ်းချခံထားရတဲ့ ခရစ်ယာန်ဘာသာဝင်အားလုံးကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရေး တောင်းဆိုပေးဖို့ ထရမ့်အစိုးရကို ဘာသာပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့တစ်ခုက တိုက်တွန်းလိုက်ပါတယ်။

မန္တလေးမြို့ရှိ Falam Baptist Church က ချင်းတိုင်းရင်းသား သင်းအုပ်ဆရာ Thian Lian Sang ဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က နေအိမ်ရှေ့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှာ မန္တလေး အိုးဘိုအကျဉ်းထောင်တွင်း တရားရုံးကနေ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉ (က) တို့နဲ့ စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်က ချင်းတိုင်းရင်းသား သင်းအုပ်ဆရာ Salai Ayla Lone Wai (ဆလိုင်းဧလလုံးဝေ) ဟာလည်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က ပေါက်ခေါင်းမြို့နယ်ရှိ ဘုရားကျောင်းတစ်ခုမှာ ခရစ္စမတ်ဆုတောင်းပွဲ ပြုလုပ်ပြီး အပြန် ဖမ်းဆီးခံခဲ့ရကာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ပုဒ်မ ၅၀၅ (က) နဲ့ အကြမ်းဖက်မှုဆိုင်ရာ စွဲချက်တွေနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရပြီး လက်ရှိ ပြည်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။

Burma Research Institute (BRI) ဦးဆောင်တဲ့ အဲဒီကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာလ ၂၃ ရက်နေ့က ဝါရှင်တန်ဒီစီမြို့ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Riley M. Barnes၊ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Julie Turner တို့နဲ့ တွေ့ဆုံပြီး အောက်တိုဘာလ ၁၉ ရက်က နိုင်ငံခြားရေးဝန်ကြီး Marco Rubio ထံ ပေးပို့ခဲ့တဲ့ ဘာသာပေါင်းစုံ အိတ်ဖွင့်ပေးစာကို ဆွေးနွေးတင်ပြခဲ့တာ ဖြစ်တယ်လို့ BRI က နိုဝင်ဘာလ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

“သင်းအုပ်ဆရာ Sang နဲ့ သင်းအုပ်ဆရာ Wai တို့လို အကျဉ်းကျခံနေရတဲ့ သင်းအုပ်ဆရာတွေနဲ့ မြန်မာနိုင်ငံက ဘာသာဝင်အားလုံးအတွက် ကျွန်တော် အလွန်ပဲ စိုးရိမ်ပူပန်နေရပါတယ်။ သူတို့ကိုရော ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားနိုင်ငံရေးအကျဉ်းသားအားလုံးကိုပါ ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ ယုံကြည်သူတွေ ပါဝင်ခွင့်ရဖို့ကိုလည်း တိုက်တွန်းပြီး ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ဆောင်ရွက်ဖို့ အသင့်ရှိပါတယ်” လို့ တွေ့ဆုံပွဲမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ နှစ်ခြင်းခရစ်ယာန် မဟာမိတ်အဖွဲ့ (Baptist World Alliance) ရဲ့ အထွေထွေအတွင်းရေးမှူးနဲ့ အမှုဆောင်အရာရှိချုပ် သိက္ခာတော်ရဆရာတော် ဒေါက်တာ Elijah M. Brown က ပြောကြားခဲ့ပါတယ်။

အိတ်ဖွင့်ပေးစာထဲမှာ အကျဉ်းကျခရစ်ယာန်ဘာသာဝင်တွေ လွတ်မြောက်ရေးအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုရေး၊ မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံ (CPC) အဖြစ် ပြန်လည်သတ်မှတ်ရေး၊ ခရစ်ယာန်တွေအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်ရေး၊ နဲ့ စစ်ကော်မရှင်အပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုနဲ့ ခရီးသွားလာခွင့် ကန့်သတ်မှုတွေ ချမှတ်ရေးတို့ကိုလည်း တိုက်တွန်းထားပါတယ်။

တွေ့ဆုံပွဲအတွင်း ချင်း၊ ကရင်နီ (ကယား) နဲ့ ကချင်ပြည်နယ်က ဘာသာရေးခေါင်းဆောင်တွေက သင်းအုပ်ဆရာ Thian Lian Sang အကျဉ်းချခံရမှု၊ သင်းအုပ်ဆရာ William အသတ်ခံရမှု၊ ထန်တလန်မြို့ မီးရှို့ဖျက်ဆီးခံရမှုအပါအဝင် ကရင်နီနဲ့ ကချင်ပြည်နယ်က ဘုရားကျောင်းတွေ တိုက်ခိုက်ခံရမှုအခြေအနေတွေကို တင်ပြခဲ့ကြပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီ (RCC) ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ရိုဟင်ဂျာအရေး၊ CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းက နိုင်ငံရေးအကျဉ်းသားအရေးတို့ကို ဆွေးနွေးခဲ့ကြပြီး NUG နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး ဦးမိုးဇော်ဦးနဲ့ အခြားဘာသာရေးခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

BRI ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် Pu Zo Tum Hmung က ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဘာသာဝင်အားလုံးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် အမေရိကန်အစိုးရအနေနဲ့ သူတို့ရဲ့ အကြံပြုချက်တွေအပေါ် ထပ်မံနှောင့်နှေးကြန့်ကြာမှုမရှိဘဲ အရေးယူဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *