Headlines

ပလက်ဝမြိုနယ်၊ပီချောင်းဆုံနဲ့လုံးတူရွာတို့ကိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် အရပ်သား ၉ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ CPU ထုတ်ပြန်

အောက်တိုဘာလ ၂၀ ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံနဲ့ လုံးတူရွာတို့ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နို့စို့အရွယ် ကလေးငယ်အပါအဝင် အပြစ်မဲ့အရပ်သား ၉ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့သလို ဈေးဆိုင်ခန်းများစွာ ထိခိုက်ပျက်စီးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CPU) က ဒီကနေ့ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့က ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/A)ထိန်းချုပ်နယ်မြေ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံကို ဂျက်ဖိုက်တာ ၊ Y -12 လေယာဉ်တွေနဲ့ ဗုံးသီး ၆၄ လုံး ဗုံးကြဲတိုက်ခိုက်ခဲ့သလို ၁၉ ရက်နေ့မှာလည်း လုံးတူ – တွီစပ်လမ်းခွဲနေရာကို ထပ်မံပြီး ဗုံးသီး ၄၈ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ CPU ကဆိုပါတယ်။

ချင်းပြည်သူ့အစည်းအရုံး(CPU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ မင်းတပ်မြိုနယ်နှင့် ကန်ပက်လက်မြို့နယ်တို့မှာ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်များနဲ့ ချင်းပြည်သူ့တပ်မတော်နှင့် မဟာမိတ်ပူးပေါင်းတပ်များအကြား ပြီးခဲ့တဲ့ မေလလယ် ဝန်းကျင်မှစလို့ ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိပြီး မြေပြင်တွင် အထိနာနေသော စစ်တပ်က ကန်ပက်လက်၊ မင်းတပ်၊ ရွှေအောင်သာ စတဲ့ စစ်မျက်နှာများအပြင် အင်အားထပ်မံဖြည့်တင်းကာ စက်တင်ဘာ (၂၆) ရက်နေ့ကစလို့ ကန်ပက်လက်မြိုနယ်၊ ကျင်ဒွေးမြိုကို ဦးတည်ပြီး စစ်ကြောင်းထိုးလာသဖြင့် ချင်းပြည်သူ့တပ်မတော်နှင့် မဟာမိတ်ပူးပေါင်းတပ်များရဲ့ ခုခံတိုက်ခိုက်မှုကြောင့် လက်ရှိအချိန်ထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တဆက်တည်းမှာပင် စစ်ကော်မရှင်တပ်ဟာ တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ အရပ်သားပစ်မှတ်တွေဖြစ်တဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦများနဲ့ ဈေးဆိုင်ခန်းတွေကို အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လျက် ရှိနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မိမိတို့ပြည်သူ၊ အသက်အိုးအိမ် နဲ့ ဘိုးဘွားပိုင် ရေမြေတောတောင်များတွေ အစွမ်းကုန် ကာကွယ်သွားမှာဖြစ်သလို မြေပြင်တွင် အထိနာနေတဲ့ စစ်ကော်မရှင်တပ်ဟာ ရှုံးမဲမဲ တဲ့အနေဖြင့် အပြစ်မဲ့အရပ်သား ပြည်သူလူထု အပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လာနေတာကြောင့်ချင်းပြည်သူ့အစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများ အနေဖြင့် လေကြောင်းရန်ကို အထူးဂရုစိုက်ကြဖို့ကိုလည်း CPU က ထပ်မံတိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *