Headlines

ကလေးမြို့နယ် ၊ စက္ကန့်ကျေးရွာအတွင်း မြေမြှုပ်မိုင်းရှင်းလင်းပြီးပြီလို့သိရ

အောက်တိုဘာလ ၂၀ ရက်။

ချင်းလူမျိုးတွေနေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာအတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ တာဝန်ရှိသူတွေဘက်က ပြီးစီးအောင်ဆောင်ရွက်နိုင်ပြီဖြစ်လို့ ဒေသခံတွေ မကြာခင် နေရပ်ပြန်လာနိုင်ကြတော့မှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးငွန်ဘွာလ်ထန်း ( Ngun Bual Thang ) က Chin world Media ကိုပြောပါတယ်။

စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးငွန်ဘွာလ်ထန်း ( Ngun Bual Thang ) က “ဘုရားသခင်ကျေးဇူးတော်ကြောင့် ဒေသခံတွေ မကြာခင်နေရပ်ပြန်လာနိုင်ကြတော့မယ်။ မိုင်းရှင်းလင်းတာတွေကိုလည်း အားလုံးနီးပါး ပြီးသွားသလောက်ဖြစ်ပါပြီ ကိုယ့်အိမ်ဝန်းအတွင်း တွေ့မြင်မိတာတွေရှိရင်တော့ ဗုံးရှင်းလင်းရေးဘက်က တာဝန်ရှိသူတွေကို ပြန်ခေါ်ရမှာပေါ့ အခုထိတော့ ဒေသခံတွေ ဘယ်သူမှတော့ မဝင်ကြသေးဘူး” လို့ပြောပါတယ်။

စက္ကန့်ကျေးရွာအတွင်း ဒေသခံတွေ နေရပ်ပြန်လာနိုင်ရေးအတွက် ကျေးရွာအတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ကစလို့ ရပ်ရွာအတွင်း ကဒေသခံ အချို့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလလောက်ကစလို့ စက္ကန့်ကျေးရွာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူတွေဟာ ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပြီး နှစ်ရှည်ကာလအကြာ နေရပ်မပြန်တာကြောင့် ကျေးရွာအတွင်း ချုံတွေ ပေါင်းပင်တွေ များစွာဖြင့် လမ်းတွေ ၊ နေအိမ်အဆောက်အအုံတွေကို ဖုံးလွမ်းတာတွေကိုလည်း JCB ကားအကြီးတွေနဲ့ ပြန်ရှင်းလင်းတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

စက္ကန့်ကျေးရွာဟာ ကလေးမြို့နယ် ၊ အနောက်တောင်ဘက် (ချင်းတောင်ခြေ) မှာတည်ရှိပြီး အိမ်ခြေ ၆၀၀ ခန့်ရှိကာ ချင်းလူမျိုးတွေ နေထိုင်ကြတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *