
အောက်တိုဘာလ ၂၀ ရက်။
စစ်ကိုင်းတိုင်း ၊ ကလေးမြို့ မော်လိုက်ကလေး အကျဉ်းထောင်မှာ အစာအာဟာရပြတ်လပ်မှုဖြင့် ကျန်းမာရေးဆိုးရွာစွာ ၂ လကျော်ကြာခံစားခဲ့ရပြီး အိန္ဒိယနိုင်ငံသား Buskal (ခ) Busket ဆိုသူဟာ အောက်တိုဘာလ ၅ ရက်နေ့ မနက် ၅ နာရီမှာ သေဆုံးခဲ့ကာ၊ကလေးထောင်မှာ အာဟာရပြတ်လပ်သူတွေ အများအပြားရှိတယ်လို့ အကျဉ်းဦးစီးနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
ကလေးအကျဉ်းထောင်မှာ လူဝင်မှုကြီးကြပ်ရေး (လ.ဝ.က) ဥပဒေဖြင့် ဖမ်းဆီးချုပ်နှောင်ထားခံရတဲ့ အိန္ဒိယနိုင်ငံသား ဂေါ်ရခါးလူမျိုး Buskal (ခ) Busket ဆိုသူဟာ အစာအာဟာရပြတ်လပ်မှုဖြင့် ကျန်းမာရေး ဆိုးရွာစွာ နှစ်လ ကျော်ကြာခံစားနေရသော်လည်း အကျဉ်းထောင်အာဏာပိုင်ဘက်မှ ကျန်မာရေးစောင့် ရှောက်မှုလုံလောက်စွာ ဆောင်ရွက်ပေးမှုမရှိခြင်းကြောင့် သေဆုံးခဲ့ရတာလို့ အကျဉ်းဦးစီး နဲ့ နီးစပ်သူတွေဆီက နေသိရပါတယ်။
အကျဉ်းဦးစီးနဲ့ နီးစပ်သူတွေက “ ကလေးအကျဉ်းထောင်အတွင်းမှာ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေ အ နေဖြင့် မိသားစုများနှင့်အဆက်သွယ်မရရင် ထောင်ကကျွေးတဲ့ မနက်ပိုင်းထမင်း နဲ့ ပဲတမျိုး၊ ညနေ ထမင်းနဲ့ တာလပေါ(ခ) ကန်စွန်းရွက်ပြုတ်အရည်ကျဲကျဲနှင့် တပတ်အသားဟင်းနှစ်ကြိမ်သာစားရလို့ အာဟာရပြတ်လပ်သူတွေ အများအပြားရှိကြတယ်။ သေဆုံးသွားတဲ့ Busket လည်း မိသားစုနဲ့ အဆက်သွယ်ပြတ်တောက်ထားသူတစ်ဦးဖြစ်ပြီး အသား၊ ငါးမစား သက်သက်လွတ်သမားဖြစ်လို့ အခုလို အာဟာရပြတ်လပ်ပေမယ့် အကျဉ်းထောင်က အစားထိုးဖြည့်စွက်စာ ဆောင်ရွက်ပေးခြင်းမျိုးမရှိလို့ အခုလိုသေဆုံးရတာ” လို့ပြောပါတယ်။
သေဆုံးသွားတဲ့ Busket ဟာ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ လ.ဝ.က ဥပဒေဖြင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် (၆) လ ပြစ်ဒဏ်ကျခံရတာဖြစ်ပြီး လွက်ရက်ပြည့်သွားသော်လည်း ဆက်ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံနေရသူလည်းဖြစ်ပြီး ကလေးအကျဉ်းထောင်အိပ်ဆောင် (၃) အချုပ်ဆောင်တွင်နေထိုင်သူဖြစ်တယ်လို့လည်း သိရပါတယ်။
အိပ်ဆောင် (၃) အချုပ်ဆောင်ဟာ ကလေးအကျဉ်းထောင်အတွင်း လာဘ်ပေးလာဘ်ယူခြင်း၊ အကျဉ်း သားများကို ဖိနှိပ်ခြင်း နှင့် ရိုက်နှိပ်မှုများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသည့် ဗိုလ်ကြီးကျော်ထက်ဦးမှ အိပ်ဆောင်မှုးတာဝန်ခံသည့် အိပ်ဆောင်ဖြစ်တယ်လို့လည်း သိရပါတယ်။
ကလေးအကျဉ်းထောင်ဟာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမပေးခြင်းကြောင့် ကျန်းမာရေး ဆိုးရွာလာမှုနှင့် သေဆုံးမှုမြင့်တက်နေတဲ့ အကျဉ်းထောင်ဖြစ်ပြီး ကျန်းမာရေးဆိုးရွားနေသူများ အနေ ဖြင့် ထောင်အတွင်းဆေးကုသဖို့ ဆေးဝါးမရှိခြင်း၊ အထောက်အကူမရှိခြင်းကြောင့် ပြင်ပဆေးကု သရန် နှင့် ဆေးရုံတက်ရန် လိုအပ်နေသူများ အများအပြားရှိနေတယ်လို့လည်း သိရပါတယ်။
ပြင်ပဆေးကုသဖို့ ခွင့်ပြုချက်အမိန့်စာ ရရှိရန် တင်ပြရာတွင်လည်း အကျဉ်းထောင်အာဏာပိုင်များရဲ့ လာဘ်ပေးလာဘ်ယူစနစ်ကြီးကြောင့် လာဘ်ထိုးနိုင်သူငွေကြေးတက်နိုင်သူများသာ ဦးစားပေးဆေးကု သခွင့်ပြုမိန့်ရရှိကြတာလို့ နီးစပ်သူတွေကပြောပါတယ်။
ကလေးအကျဉ်းထောင်တွင် လ.ဝ.က အမှုဖြင့် အကျဉ်းကျနေတဲ့ နိုင်ငံခြားအကျဉ်းသား သေဆုံးမှုဟာ အခုကြိမ်နဲ့ဆို ၃ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံသား ပေါင်နန်း၊ ၂၀၂၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံသား ဖိုးကျောက် နဲ့ ၂၀၂၆ ခုနှစ်တွင် Busket တို့ဟာ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရတာ အာဟာရပြတ်လပ်တာတွေကြောင့် သေဆုံးခဲ့ရတာလို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ကလေးအကျဉ်းထောင်အတွင်း ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ကစလို့ အောက်တိုဘာလအထိ သေဆုံးသူ စုစုပေါင်းဟာ Busket အပါအဝင် ၇ ဦးမြောက်ရှိခဲ့ပြီဖြစ်ပြီး တစ်လတွင် တစ်ဦးနှုန်းဖြင့် အကျဉ်းသားတွေ သေဆုံးနေရတယ်လို့လည်း အကျဉ်းဦးစီးနဲ့ နီးစပ်တဲ့သူတွေဆီကနေ သိရပါတယ်။

