Headlines

မလေးရှားမှာ မြန်မာတွေ ဒုက္ခသည်လိုနေခွင့်ရှိအုံးမလား ?

DonBosco

မလေးရှားနိုင်ငံမှာ ဒုက္ခသည်အသစ် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တွေကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ကစပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ရပ်ဆိုင်းလိုက်ပြီးနောက် မလေးရှားရောက် မြန်မာနဲ့ ချင်းဒုက္ခသည်အသိုင်းအဝိုင်းဟာ မရေရာတဲ့ အကူးအပြောင်းကာလတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။

တစ်ဖက်မှာ မလေးရှားအစိုးရ ဦးဆောင်မယ့် ဒုက္ခသည်မှတ်ပုံတင်စာရွက်စာတမ်း (Dokumen Pendaftaran Pelarian – DPP) စနစ်သစ်ကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေသလို၊ မလေးရှားနိုင်ငံရေးအသိုင်းအဝိုင်းဘက်ကလည်း ဒုက္ခသည်အရေးအပေါ် တင်းကျပ်ဖို့ ဖိအားပေးသံတွေ ပိုမိုကျယ်လောင်လာနေပါတယ်။

UNHCR ရဲ့ မှတ်ပုံတင်ခြင်းနဲ့ စာရွက်စာတမ်းထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းထားတဲ့အပေါ် ACR အနေနဲ့ အလွန်စိုးရိမ်မိပြီး မလေးရှားမှာ ခိုလှုံနေထိုင်ကြတဲ့ ချင်းဒုက္ခသည်တွေအတွက် အကာအကွယ်မဲ့ဖြစ်နိုင်တဲ့ အန္တရာယ်ကို ပိုမိုကြီးမားစေတယ်လို့ James Bawi Thang Bik က ဆိုပါတယ်။

“အဓိကအားဖြင့် ထိခိုက်နိုင်တဲ့သူတွေကတော့ UNHCR မှာ မှတ်ပုံတင်ထားပေမယ့် ကတ်မရရှိသေးသူတွေ၊ ကတ်သက်တမ်းတိုးဖို့ စောင့်ဆိုင်းနေသူတွေ၊ မိသားစုဝင်တွေကို ကတ်မှာ ထည့်သွင်းဖို့ စောင့်နေသူတွေနဲ့ မြန်မာနိုင်ငံကနေ အသစ်ရောက်ရှိလာတဲ့ ဒုက္ခသည်တွေ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့က UNHCR နဲ့ ဒုက္ခသည်အဖွဲ့အစည်းတွေ တွေ့ဆုံခဲ့တဲ့ အစည်းအဝေးမှာလည်း ကတ်သက်တမ်းတိုးခြင်းနဲ့ မိသားစုဝင်တွေ ထည့်သွင်းခြင်းလုပ်ငန်းစဉ်တွေကို ယာယီရပ်ဆိုင်းထားပြီး ရက်ချိန်းရှိသူတွေကို SMS နဲ့ အကြောင်းကြားပေးမယ်” လို့ UNHCR ဘက်က ရှင်းလင်းခဲ့ပါတယ်။

“ဒီလို စာရွက်စာတမ်းမရှိခြင်း ဒါမှမဟုတ် သက်တမ်းကုန်ဆုံးနေတဲ့ ကတ်ကိုသာ ကိုင်ဆောင်ထားရခြင်းကြောင့် ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းမှုတွေမှာ အခက်အခဲရှိနိုင်ပြီး ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခံရခြင်းနဲ့ နေရပ်ပြန်ပို့ခံရနိုင်ခြင်းတို့ကို စိုးရိမ်နေရပါတယ်။ အလုပ်အကိုင်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုလို အခြေခံလိုအပ်ချက်တွေ ရရှိရေးမှာလည်း ပိုမိုခက်ခဲလာနိုင်ပါတယ်” လို့ Alliance of Chin Refugees (ACR) ဥက္ကဌ James Bawi Thang Bik က ပြောပြပါတယ်။

အထူးသဖြင့် ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အသက်လုံခြုံရေးအတွက် ထွက်ပြေးလာကြတဲ့ လူသစ်တွေအတွက် မှတ်ပုံတင်နိုင်မယ့် လမ်းကြောင်းမရှိတော့တာဟာ အလွန်စိုးရိမ်စရာ ဖြစ်နေတယ်လို့ဆိုပါတယ်။

တစ်ဖက်မှာတော့ မလေးရှားနိုင်ငံရေးအသိုင်းအဝိုင်းအတွင်း ဒုက္ခသည်တွေအပေါ် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ ဖိအားပေးမှုတွေ မြင့်တက်နေပါတယ်။ မလေးရှား Putrajaya မဲဆန္ဒနယ် အတိုက်အခံ လွှတ်တော်အမတ် Datuk Dr. Radzi Jidin က မလေးရှားလွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း လက်ရှိ မလေးရှားမှာ UNHCR မှတ်ပုံတင်ထားတဲ့ ဒုက္ခသည် ၂၂၅,၀၀၀ ကျော် ရှိနေပေမဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ ၆ လအတွင်း တတိယနိုင်ငံကို ပို့ဆောင်ပေးနိုင်ခဲ့သူဟာ ၉၇၄ ဦးသာ ရှိတာကြောင့် တစ်နှစ်ကို လူ ၂,၀၀၀ နှုန်းနဲ့သာ ပို့နေမယ်ဆိုရင် အားလုံးကုန်ဖို့ နှစ်ပေါင်း ၁၁၁ နှစ် ကြာမှာဖြစ်လို့ လုံးဝအဓိပ္ပာယ်မရှိဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေနဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကြောင့် မလေးရှားအစိုးရဆေးရုံတွေမှာ မပေးချေရသေးတဲ့ ဆေးကုသစရိတ် အကြွေး ရင်းဂစ် သန်း ၂၀၀ ကျော်အထိ ရှိနေတာကို UNHCR က တာဝန်ယူဖို့နဲ့ UNHCR ရဲ့ အချက်အလက်စနစ် (Data System) ကို မလေးရှားအစိုးရက ဝင်ရောက်ကြည့်ရှုခွင့် (Access) ရယူဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က မလေးရှားပြည်ထဲရေးဝန်ကြီးဌာန (KDN) ရဲ့ ထုတ်ပြန်ချက်အရ DPP လျှောက်ထားခွင့် နောက်ဆုံးကန့်သတ်ရက်ဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ ဖြစ်တာကြောင့် အဲဒီရက်နောက်ပိုင်း UNHCR မှာ မှတ်ပုံတင်ထားသူ ဘယ်သူ့ကိုမဆို တရားမဝင် ဝင်ရောက်လာသူ (PATI) အဖြစ်သာ သတ်မှတ်ပြီး ဖမ်းဆီးပြန်ပို့ဖို့နဲ့ UNHCR ကတ်ရော DPP ကတ်ပါ မလေးရှားမှာ အခြေချနေထိုင်ခွင့်ပေးတဲ့ကတ် မဟုတ်ဘဲ ပြန်ထွက်ခွာရမယ့်သူတွေကို မှတ်တမ်းတင်ထားတဲ့ ကတ်သာဖြစ်ကြောင်း ပြတ်ပြတ်သားသား အသိပေးဖို့ ဒေါက်တာ ရတ်ဇီ ဂျီဒင်က တိုက်တွန်းထားပါတယ်။

မလေးရှားနိုင်ငံရေးသမားတွေဘက်က အချက်အလက်ရယူရေးနဲ့ နေရပ်ပြန်ပို့ရေးအထိ တောင်းဆိုသံတွေ ထွက်ပေါ်နေချိန်မှာပဲ မလေးရှားအစိုးရ ဦးဆောင်မယ့် DPP စနစ်သစ်နဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေရဲ့ လုံခြုံရေး၊ အခွင့်အရေးနဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှုအပေါ် ACR အနေနဲ့ အဓိက စိုးရိမ်ချက် ၃ ရပ် ရှိနေတယ်လို့ James Bawi Thang Bik က ထောက်ပြပါတယ်။

ပထမအချက်ကတော့ DPP ကတ်ရရှိထားသူတွေဟာ ဖမ်းဆီးထိန်းသိမ်းခံရခြင်းနဲ့ နေရပ်ပြန်ပို့ခံရခြင်းတွေကနေ ဘယ်လိုအကာအကွယ် ရရှိမလဲဆိုတာဖြစ်ပြီး၊ ကတ်သက်တမ်းတိုးခွင့် ငြင်းပယ်ခံရတဲ့အခါ ဒါမှမဟုတ် ကတ်မရရှိတဲ့အခါ ဘယ်လိုအခြေအနေမျိုး ကြုံတွေ့ရနိုင်မလဲဆိုတာလည်း ရှင်းလင်းမှု မရှိသေးဘူးလို့ ဆိုပါတယ်။

ဒုတိယအချက်ကတော့ ကိုယ်ရေးအချက်အလက်နဲ့ ဇီဝအချက်အလက် (Biometric Data) လုံခြုံရေး ဖြစ်ပါတယ်။

“ဒုက္ခသည်တွေရဲ့ လက်ဗွေ၊ မျက်နှာပုံရိပ်၊ နေရပ်လိပ်စာနဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘယ်သူတွေက အသုံးပြုခွင့်ရှိမလဲ၊ ဘယ်အဖွဲ့အစည်းတွေနဲ့ မျှဝေမလဲဆိုတာ အလွန်အရေးကြီးပါတယ်။ မြန်မာနိုင်ငံကနေ စစ်ရေးပဋိပက္ခနဲ့ နိုင်ငံရေးဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာသူတွေအတွက် ဒီအချက်အလက်တွေ မလုံခြုံဘူးဆိုရင် သူတို့နဲ့ မိသားစုတွေရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်” လို့ ACR ဥက္ကဋ္ဌက သတိပေးပါတယ်။

တတိယအချက်အနေနဲ့ကတော့ လူမျိုး၊ ဘာသာ၊ နိုင်ငံရေးနောက်ခံနဲ့ လူမှုအခြေအနေအပေါ် မူတည်ပြီး ခွဲခြားဆက်ဆံမှုတွေ ဖြစ်လာနိုင်ခြင်းနဲ့ အခွင့်အရေးချိုးဖောက်ခံရတဲ့အခါ တိုင်ကြားဖြေရှင်းနိုင်မယ့် လုပ်ငန်းစဉ် ရှိ၊ မရှိဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

UNHCR နဲ့ ACR အပါအဝင် ဒုက္ခသည်အသိုင်းအဝိုင်း ကိုယ်စားပြုအဖွဲ့အစည်းတွေ တွေ့ဆုံတဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ အစည်းအဝေးမှာလည်း DPP ကတ်သက်တမ်းတိုးခွင့် ငြင်းပယ်ခံရသူတွေရဲ့ အခြေအနေနဲ့ သူတို့ရဲ့ လုံခြုံရေးကို ဘယ်သူက တာဝန်ယူကာကွယ်ပေးမလဲဆိုတာ ACR က မေးမြန်းခဲ့ပေမဲ့၊ UNHCR ဘက်က ဒုက္ခသည်တွေရဲ့ အနာဂတ်နေထိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို အစိုးရက ချမှတ်သွားမှာဖြစ်ပြီး လုံခြုံရေးအာမခံချက်အားလုံးကို UNHCR က အပြည့်အဝ ပေးနိုင်မှာ မဟုတ်ကြောင်း ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ DPP နဲ့ အကူးအပြောင်းဆိုင်ရာ လမ်းပြမြေပုံ (Transition Roadmap) ရဲ့ အသေးစိတ်အချက်အလက်တွေကို အပြည့်အဝ အတည်ပြုနိုင်ခြင်း မရှိသေးတာကြောင့် စနစ်သစ်ရဲ့ လက်တွေ့အကျိုးသက်ရောက်မှုတွေကို ACR က ဆက်လက်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။

အခုလို အပြောင်းအလဲကာလမှာ မလေးရှားရောက် ချင်းဒုက္ခသည်တွေအနေနဲ့ မိမိတို့ရဲ့ UNHCR ကတ်၊ မှတ်ပုံတင်အထောက်အထားနဲ့ အခြားအရေးကြီးစာရွက်စာတမ်းတွေကို လုံခြုံစွာ သိမ်းဆည်းထားဖို့နဲ့ စာရွက်စာတမ်းတွေရဲ့ ဓာတ်ပုံနဲ့ မိတ္တူတွေကို ဖုန်းထဲမှာပါ သိမ်းဆည်းထားဖို့ James Bawi Thang Bik က အကြံပြုပါတယ်။

ဒါ့အပြင် UNHCR ရဲ့ SMS နဲ့ တရားဝင်ကြေညာချက်တွေကိုသာ စောင့်ကြည့်ဖို့ လိုအပ်ပြီး ရက်ချိန်းအကြောင်းကြားစာ မရရှိသေးဘဲ UNHCR ရုံးကို ကိုယ်တိုင်သွားရောက်ခြင်း မပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ အထူးသဖြင့် UNHCR ကတ်၊ DPP ကတ်နဲ့ တတိယနိုင်ငံ ပြန်လည်နေရာချထားရေး (Resettlement) ရရှိအောင် လုပ်ပေးနိုင်တယ်ဆိုပြီး ငွေကြေးတောင်းခံတဲ့ လိမ်လည်သူတွေကို အထူးသတိထားကြဖို့လည်း သတိပေးပါတယ်။

တစ်ဖက်မှာလည်း DPP စနစ်ကို လူကုန်ကူးဂိုဏ်းတွေက အလွဲသုံးစားလုပ်ပြီး ငွေကြေးအမြတ်ထုတ်တာမျိုး မဖြစ်အောင် တင်းတင်းကျပ်ကျပ် ကြီးကြပ်ဖို့ မလေးရှားလွှတ်တော်အမတ်ဘက်ကပါ သတိပေးထားပါတယ်။

ဒုက္ခသည်အများစု စိုးရိမ်နေကြတဲ့ Resettlement လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ နိုဝင်ဘာလ ၁၉ ရက်နေ့ အစည်းအဝေးမှာ UNHCR က တတိယနိုင်ငံ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရှင်းလင်းခဲ့ပါတယ်။ ဒါကြောင့် မှတ်ပုံတင်ခြင်းနဲ့ ကတ်ထုတ်ပေးခြင်း လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းထားတာကြောင့် Resettlement လုပ်ငန်းစဉ်အားလုံး ရပ်ဆိုင်းသွားပြီလို့ မယူဆကြဖို့နဲ့ Resettlement ဟာ လူတိုင်းအတွက် အလိုအလျောက်ရရှိနိုင်တဲ့ လုပ်ငန်းစဉ်မဟုတ်ပေမယ့် ACR အနေနဲ့ လိုအပ်သူတွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ ဆက်လက်တောင်းဆိုပေးသွားမှာ ဖြစ်တယ်လို့ James Bawi Thang Bik က ရှင်းပြပါတယ်။

ACR အနေနဲ့ ဒီအပြောင်းအလဲကာလမှာ ချင်းဒုက္ခသည်အသိုင်းအဝိုင်းထံ တရားဝင်သတင်းအချက် အလက်တွေကို အချိန်မီ မျှဝေပေးသွားမှာဖြစ်သလို၊ ဖမ်းဆီးထိန်းသိမ်းခံရသူတွေ၊ အရေးပေါ်အကာအကွယ်လိုအပ်သူတွေနဲ့ အခက်အခဲကြုံတွေ့နေရတဲ့ မိသားစုတွေကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးနိုင်ဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ဆိုပါတယ်။

ဒါ့အပြင် UNHCR ရဲ့ လက်ရှိဆုံးဖြတ်ချက်တွေ၊ မလေးရှားအစိုးရရဲ့ စနစ်သစ်နဲ့ အကူးအပြောင်းကာလအတွင်း ဒုက္ခသည်တွေ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေကို ဆွေးနွေးသုံးသပ်ပြီး ဒုက္ခသည်အသိုင်းအဝိုင်းအတွက် ကူညီဆောင်ရွက်မယ့် နည်းလမ်းတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ဆုံးဖြတ်နိုင်ဖို့ ACR ရဲ့ ဗဟိုအဆင့် အစည်းအဝေးတစ်ရပ်ကိုလည်း မကြာမီ ကျင်းပသွားဖို့ ရှိနေပါတယ်။

“နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ ချင်းဒုက္ခသည်အသိုင်းအဝိုင်းကို ပြောချင်တာက ဒီအခြေအနေမှာ တစ်ဦးနဲ့တစ်ဦး ကူညီဖေးမကြဖို့၊ သတင်းအမှားတွေကြောင့် ထိတ်လန့်မသွားကြဖို့နဲ့ မိမိတို့ရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးအတွက် စည်းလုံးညီညွတ်စွာ ရပ်တည်ကြဖို့ ဖြစ်ပါတယ်” လို့ Alliance of Chin Refugees (ACR) ဥက္ကဋ္ဌ James Bawi Thang Bik က တိုက်တွန်းပြောကြားသွားပါတယ်။

လက်ရှိအခြေအနေမှာ မလေးရှားရောက် မြန်မာဒုက္ခသည်တွေအနေနဲ့ အဓိက စိုးရိမ်ပူပန်နေရတာကတော့ တရားဝင် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် မရှိတာကြောင့် အာဏာပိုင်တွေရဲ့ ဖမ်းဆီးစစ်ဆေးခံရမှာနဲ့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း (Detention Center) တွေကို ပို့ဆောင်ခံရမှာကို အမြဲစိုးရိမ်ထိတ်လန့်နေရတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် UNHCR ကတ် ရရှိဖို့ အချိန်အကြာကြီး စောင့်ဆိုင်းနေရတာ၊ နေထိုင်စားသောက်စရိတ် ကြီးမြင့်လာပေမဲ့ ပုံမှန်ဝင်ငွေရရှိဖို့ ခက်ခဲတာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကလေးငယ်တွေရဲ့ ပညာရေး အခွင့်အလမ်းတွေ အကန့်အသတ်ရှိနေတာတွေအပြင် တတိယနိုင်ငံ ထွက်ခွာခွင့် (Resettlement) လုပ်ငန်းစဉ်တွေ နှောင့်နှေးကြန့်ကြာနေတာတွေဟာလည်း သူတို့ရဲ့ အနာဂတ်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ စိုးရိမ်စရာတွေ ဖြစ်နေပါတယ်။

မလေးရှား ပြည်ထဲရေးဝန်ကြီး Datuk Seri Saifuddin Nasution Ismail က Kepong မဲဆန္ဒနယ် လွှတ်တော်အမတ် Lim Lip Eng ရဲ့ မေးမြန်းချက်အပေါ် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က လွှတ်တော်မှာ စာနဲ့ပြန်လည်ဖြေကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ၁၀ လအတွင်း မလေးရှားအစိုးရက မြန်မာနိုင်ငံသား စုစုပေါင်း ၁၂,၁၇၆ ဦးကို မြန်မာနိုင်ငံဆီ ပြန်လည်ပို့ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီအရေအတွက်ထဲမှာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့က မလေးရှားနိုင်ငံ၊ Lumut Naval Base မှာ ဆိုက်ကပ်ခဲ့တဲ့ မြန်မာရေတပ်စစ်သင်္ဘောတွေနဲ့ အကြီးစားပြန်ပို့ရေးအစီအစဉ်အရ ပြန်ပို့ခဲ့တဲ့ မြန်မာအကျဉ်းသား ၁,၄၇၆ ဦးလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ပြန်ပို့မှုမှတ်တမ်းတွေဟာ မူရင်းနိုင်ငံက အတည်ပြုပေးတဲ့ နိုင်ငံသားဖြစ်မှုအပေါ် အခြေခံပြီး မှတ်တမ်းတင်ထားတာဖြစ်လို့ လူမျိုးစုအလိုက် ခွဲခြားထားခြင်းမရှိဘဲ ရိုဟင်ဂျာဘယ်နှဦး ပါဝင်တယ်ဆိုတာကိုတော့ သီးသန့်ဖော်ပြနိုင်ခြင်းမရှိဘူးလို့ ပြည်ထဲရေးဝန်ကြီးက ရှင်းလင်းထားပါတယ်။

ဒါ့အပြင် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့က မလေးရှားလွှတ်တော်မှာ ဝန်ကြီးချုပ် Anwar Ibrahim ရဲ့ ထပ်မံကြေညာချက်အရ မလေးရှားအစိုးရဟာ နောက်ထပ် မြန်မာနိုင်ငံသား ၆,၈၀၃ ဦးကို ထပ်မံပြန်လည်ပို့ဆောင်သွားဖို့ စီစဉ်ထားပါတယ်။ အဲဒီထဲက လူဦးရေ ၁,၅၀၀ ကို လာမယ့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအတွင်း ရေတပ်သင်္ဘော ၃ စီးနဲ့ ပြန်ပို့မှာဖြစ်ပြီး၊ ကျန် ၅,၃၀၃ ဦးကိုတော့ မြန်မာစစ်ကော်မရှင်ဘက်က ကုန်ကျစရိတ်ကျခံပြီး လေယာဉ်တွေနဲ့ ပြန်လည်ပို့ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ပြန်မပို့ရသေးဘဲ ထိန်းသိမ်းထားတဲ့ အရေအတွက်နဲ့ ပတ်သက်ပြီးတော့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (Immigration Department) ရဲ့ မှတ်တမ်းတွေကို ကိုးကားပြီး ပြည်ထဲရေးဝန်ကြီး Saifuddin Nasution Ismail က နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ရာမှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ မလေးရှားနိုင်ငံတစ်ဝန်းရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း (Detention Depots) တွေမှာ မြန်မာနိုင်ငံသား စုစုပေါင်း ၁၁,၂၀၈ ဦး ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။ အဲဒီထိန်းသိမ်းခံထားရသူ ၁၁,၂၀၈ ဦးထဲမှာ ၆,၂၉၄ ဦး (ထက်ဝက်ကျော်) ဟာ ရိုဟင်ဂျာတွေ ဖြစ်ကြပါတယ်။

တရားဝင်ခရီးသွားအထောက်အထားနဲ့ မှတ်ပုံတင်မရှိတဲ့ နိုင်ငံခြားသားတွေကို ပြန်ပို့နိုင်ဖို့အတွက် သက်ဆိုင်ရာမူရင်းနိုင်ငံနဲ့ ပူးပေါင်းပြီး ကိုယ်ရေးအချက်အလက်နဲ့ နိုင်ငံသားဖြစ်မှု စိစစ်အတည်ပြုတာ၊ ခရီးသွားအထောက်အထား ထုတ်ပေးတာတွေ လိုအပ်တာကြောင့် မလေးရှားပြည်ထဲရေး ဝန်ကြီးဌာနအနေနဲ့ အမျိုးသားလုံခြုံရေးကောင်စီ (NSC)၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့နဲ့အတူ မြန်မာစစ်ကော်မရှင်ဘက်နဲ့ အနီးကပ်ညှိနှိုင်းဆောင်ရွက်နေတယ်လို့ Saifuddin က ပြောကြားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ပြည်ထဲရေးဝန်ကြီးဌာနက ကိုးကားဖော်ပြတဲ့ UNHCR စာရင်းတွေအရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ မလေးရှားမှာ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူအဖြစ် မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာဦးရေ ၁၃၃,၄၀၀ ဦး ရှိနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *