Headlines

၅ နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ အရပ်သားနေအိမ် ၂ ထောင်ကျော် မီးရှို့ဖျက်ဆီးခံရ

နိုဝင်ဘာလ ၂၆ ရက်။

စစ်အာဏာသိမ်း ၅ နှစ်ကျော် ၂၀၂၁ ခုနှစ်၊ မေလကနေ ၂၀၂၆ ခုနှစ် မေလ ၃၁ ရက်အတွင်း ချင်းပြည်နယ်မှာ အရပ်သား နေအိမ်ပေါင်း ၂,၀၄၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ပြည်တွင်းသုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Date for Myanmar ရဲ့ ဒီကနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၅ နှစ်ကျော်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သား နေအိမ်ပေါင်းက ၁၃၆၇၃၆ လုံးပျက်စီးဆုံးခဲ့ရပြီး စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၁၃၂၈၉၃ လုံး ပျက်စီးခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

၂၀၂၆ ခုနှစ် ၊ဧပြီလ ၁၁ ရက်နေ့က ဖလမ်းမြို့နယ် သူးဖယ်ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းဝင်ရောက်ပြီး ကျေးရွာအတွင်းက နေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး မေလ ၁ ရက်နေ့ ကစတင်ပြီး ဖလမ်းမြို့ကနေ ဟားခါးမြို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဖလမ်း – ဟားခါး လမ်းပေါ်က တလန်ရောန်ရွာကို မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ စစ်ကြောင်းနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့အကြား ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာအနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ မေလ ၁၄ ရက်နေ့ကလည်း ချွန်ကျုံးကျေးရွာက နေအိမ် ၉ လုံး ၊ မေလ ၁၅ ရက်နေ့မှာ ၁၄ လုံး စုစုပေါင်း ၂၃ လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မကွေးတိုင်း ၊ ဆောမြို့နယ်ကနေ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက မေလ ၃၀ ရက်နေ့မှာ ထင်ချောင်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၁၀ လုံး မီးလောင်ပျက်စီးခဲ့ပြီး အဆိုပါဖြစ်စဉ်အတွင်း အရပ်သား သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၎င်းတို့ ကျင်းပတဲ့ ရွေးကောက်ပွဲကာလ ၂၀၂၆ ခုနှစ် မတ်လကနေ မေလအတွင်းမှာလည်း တိုင်းနဲ့ ပြည်နယ် ၉ ခုက ကျေးရွာ/ ရပ်ကွက်ပေါင်း ၁၀၂ ခုမှာ နေအိမ်ပေါင်း ၁၀,၆၇၁ လုံးကို မီးရှို့ဖျက်းဆီးခဲ့တယ်လို့လည်း Data for Myanmar ရဲ့ဖော်ပြချက် အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *