Headlines

စစ်ရေးနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပလက်ဝမြို့တည်နှစ် (၁၅၀) ပြည့်ပွဲတော်ကို ရန်ကုန်မှာ ကျင်းပမယ်


အောက်တိုဘာ ၁၀ ရက်။


လက်ရှိ စစ်ရေးနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် မူလနေရာဖြစ်တဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ မကျင်းပနိုင်တော့ပဲ ပလက်ဝမြို့တည်နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်ပွဲတော်ကို ဒီဇင်ဘာလ (၅) ရက်နေ့၊ ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) မှာ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ ပွဲကျင်းပရေးကော်မတီ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။


ဒီပွဲနဲ့ပတ်သက်ပြီး ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှုး ကိုပီတာလွယ်လူးက “ဒီပွဲဟာ ရန်ကုန်ရောက် ပလက်ဝမြို့နယ်က တိုင်းရင်းသားညီအစ်ကိုတွေအားလုံး အိမ်ရှင်အဖြစ် ပါဝင်ဆင်နွှဲရမယ့်ပွဲ ဖြစ်တယ်” လို့ ဆိုပါတယ်။
သူကဆက်ပြီး ပွဲကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး “ပလက်ဝမြို့ရဲ့ သမိုင်းကြောင်း၊ အစဉ်အလာ၊ ဒေသခံတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ပြန်လည်အမှတ်ရ ဂုဏ်ပြုဖို့နဲ့ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် စည်းလုံးညီညွတ်မှုနဲ့ အနာဂတ်မျှော်မှန်းချက်တွေကို ဖော်ဆောင်ပေးမယ့် အမှတ်တရ အခမ်းအနားတစ်ခု ဖြစ်လာစေဖို့” ဖြစ်တယ်လို့ ဆိုပါတယ်။


ပွဲကျင်းပရေးကော်မတီအနေနဲ့ အတတ်နိုင်ဆုံး လက်လှမ်းမီသလောက် ဖိတ်ကြားသွားဖို့ ပြင်ဆင်နေပြီး၊ “ပလက်ဝသားဖြစ်ရင် ဖိတ်စာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ‘ငါတို့က ဒီပွဲတော်ရဲ့ အိမ်ရှင်ပဲ’ ဆိုတဲ့ စိတ်နဲ့ ပြည်တွင်းမှာရှိနေတဲ့ သူတွေရော၊ ပလက်ဝမြို့နယ် ပြင်ပရောက်နေကြတဲ့ ပလက်ဝသား/သူတွေ အားလုံး လာရောက်ပါဝင်ဆင်နွှဲကြဖို့” ကိုလည်း တာဝန်ရှိသူတစ်ဥ◌ီးဖြစ်တဲ့ ကိုပီတာလွယ်လူးက အလေးပေး ဖိတ်ခေါ်ထားပါတယ်။


ပွဲတော်နေ့အတွက် လူငယ်များအနေနဲ့လည်း ရိုးရာအကများအတွက် ပြင်ဆင်လေ့ကျင့်နေကြသလို ပွဲတော်ကို လာရောက်ကြမယ့်သူတွေ ဝတ်ဆင်နိုင်ဖို့အတွက် ဖျော်ဖြေတင်ဆက်ရေးကော်မတီကနေ စီစဉ်ထုတ်လုပ်ထားတဲ့ “ရာပြည့်ပွဲတော် အမှတ်တရ” အင်္ကျီတွေကိုလည်း အခုဆိုရင် ဝယ်ယူအားပေးနိုင်ပြီလို့ ပွဲစီစဉ်သူတွေက အွန်လိုင်းစာမျက်နှာကနေ သတင်းကောင်းပါးထားပါတယ်။


အခုလို (၁၅၀) ပြည့်ပွဲတော်ကို မူလဒေသမှာ မကျင်းပနိုင်တာဟာ ဒေသတွင်း စစ်ရေးအခြေအနေတွေကြောင့်ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့မှာ ပလက်ဝမြို့နယ်ကို ဇန်နဝါရီလ (၁၆) ရက်နေ့မှာ အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ပလက်၀မြို့နယ်အတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ သေဆုံးမှုများလည်း ရှိနေဆဲဖြစ်ပါတယ်။


ပလက်ဝမြို့နယ်ရှိ ဒေသခံချင်းလူမျိုးများဟာ ၂၀၁၉ ခုနှစ်မှစတင်ကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးမှုများ စတင်ကြုံတွေ့ခဲ့ရသည်။


၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင်လည်း လုံခြုံရေးအခြေအနေများကြောင့် ဒေသခံအချို့သည် နေရပ်ပြန်လည်အခြေချနိုင်ခြင်းမရှိဘဲ မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်မြို့နှင့်အခြားဒေသများ၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် အခြားဒေသများတွင် သွားရောက်ခိုလှုံနေထိုင်ခဲ့ကြသည်။


အထူးသဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စစ်ကောင်စီနဲ့ AA အကြား တစ်နှစ်ကြာ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးနောက် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာရာ ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံထောင်ပေါင်းများစွာ ထပ်မံနေရပ်စွန့်ခွာခဲ့ကြရသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအရောက်တွင် ပလက်ဝမြို့ပေါ်နေထိုင်သူ အများစုနီးပါးပင် မြို့ကိုစွန့်ခွာခဲ့ကြပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် AA က ပလက်ဝမြို့နယ်ကို ထိန်းချုပ်နိုင်ခဲ့သည့်အချိန်မှာ ဒေသခံအများအပြားမှာ ပလက်ဝမြို့ကိုနေရပ်စွန့်ခွာခဲ့ကြပြီဖြစ်ပါတယ်။


ချင်းပြည်နယ်၊ပလက်ဝမြို့ဟာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့်အပြင် ကုလားတန်မြစ်ကြောင်းနှင့် ဆက်စပ်နေသောကြောင့် စစ်ရေး၊ နိုင်ငံရေးနှင့် မဟာဗျူဟာအရ အရေးပါသည့်ဒေသတစ်ခုလည်း ဖြစ်ပါတယ်။


သမိုင်းမှတ်တမ်းတွေအရ ၁၈၂၄ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးဆုံးချိန်မှာ အင်္ဂလိပ်အစိုးရက ရခိုင်ဒေသကို စစ်တွေခရိုင်အနေနဲ့ အုပ်ချုပ်ခဲ့ပြီး၊ အုပ်ချုပ်ရေးယန္တရား ပိုမိုအားကောင်းစေဖို့ ၁၈၇၆ ခုနှစ်မှာ ပလက်ဝမြို့ကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။


အဲဒီနောက်ပိုင်း ၁၉၇၆ ခုနှစ်မှာ မြို့တည်နှစ် (၁၀၀) ပြည့်ပွဲတော်နဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှာ မြို့တည်နှစ် (၁၄၀) ပြည့်ပွဲတော်တွေကို ပလက်ဝမြို့မှာပဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *