Headlines

ကျီခါးမြို့မှာ မူးယစ်ဆေးရောင်းချသူများကို မြို့မှနှင်ထုတ်မည့် အစီအစဉ်များ အပါအဝင် ဒေသန္တရ စည်းကမ်းများ မြို့နေလူထုမှ ချမှတ်

နိုဝင်ဘာလ ၁၀ ရက်။

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့နေ ပြည်သူများက နိုဝင်ဘာလ ၈ ရက်နေ့မှာ မြို့တွင်း လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး အတွက် လူထု အစည်းအဝေး တရပ် ကျင်းပခဲ့ရာ ကတိ ဝန်ခံချက် ရေးထိုး ထားတဲ့ ကြားကနေ မူးယစ်ဆေးဝါး ရောင်းချသူများအား မြို့မှ နှင်ထုတ်မယ့် စည်းကမ်းချက်များ အပါအဝင် ဒေသန္တရ စည်းကမ်း တချို့ ချမှတ်သွားကြောင်း ကျီခါးမြို့ခံ တဦးထံမှ သိရှိရ ပါတယ်။

“မူးယစ်ဆေးဝါး သုံးစွဲမှုက ကျီခါးမြို့မှာ များပြားလာ ဒါကြောင့် မူးယစ်ဆေးဝါး ရောင်းချသူတွေကို တော့ အဆင့်သုံးဆင့် နဲ့ အရေးယူ ဖို့ လူထု က ဆုံးဖြတ်ထား ပါတယ်။ ပထမ အဆင့် က ကတိဝန်ခံချက် လက်မှတ် ရေးထိုးခိုင်းမယ်။ ဆက်ရောင်းရင် ဒုတိယ အဆင့် အနေနဲ့ ငွေ ကျပ် သိန်း ၅၀ ဒဏ်ရိုက်မယ်။ အဲမှာ မရပ်ဘဲ ဆက်ရောင်း နေရင် တတိယ အဆင့် အနေနဲ့ မြို့တွင်း ကနေ အပြီးအပိုင်း နှင်ထုတ် မယ် ဆိုတဲ့ စည်းကမ်းချက် ထုတ် ထား လိုက် ပါတယ်” လို့ ကျီခါးမြို့ ဒေသခံ တဦး က Chin World Media ကိုပြောပါတယ်။

ဒါ့အပြင် မူးယစ်ရမ်းကားသူများ နှင့် ခိုးလုမှု ကျူးလွန်သူများကို ထိန်းသိမ်း ထားနိုင်ဖို့ အတွက် ZYA ခန်းမနဲ့ ဆက်လက် အဆောက်အအုံ အသစ် တစ်ခု သီးသန့် တည်ဆောက်ရန် လည်းကောင်း၊ ခိုးရာပါ ပစ္စည်းဖြစ်မှန်း သိလျက် နဲ့ ဝယ်ယူသူများကို ပစ္စည်းရဲ့ တန်ဖိုး ၃ဆ ဒဏ်ရိုက်ရန် လည်းကောင်း၊ မြို့တွင်းမှာ အိတ်ဇော်ဖြုတ်ပိုက် ဖြုတ်ပြီး ဆူညံစွာ မောင်းနှင်လာသည့် ဆိုင်ကယ်များကို ဖမ်းဆီး အရေးယူရန် လည်းကောင်း၊ ချောင်းများ အတွင်း ဒိုင်နမိုဖြင့် လျှပ်စစ် ရှော့တိုက် ငါးဖမ်းခြင်း နှင့် အဆိပ် ခတ်ပြီး ငါးဖမ်းခြင်းများကိုလည်း ဆက်လက် တားမြစ် သွားရန် လည်းကောင်း၊ မြို့တွင်းမှာ ကား သို့မဟုတ် ဆိုင်ကယ်ဖြင့် ခွေးကို တိုက်မိပါက ယခင်ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း ယာဉ်မောင်းသူကို အရေးမယူဘဲ ခွေးကို စည်းကမ်းမဲ့လွှတ်ထားသည့် ခွေးပိုင်ရှင်အပေါ်ကိုသာ အပြစ်ပေး တာဝန်ယူစေရန် လည်းကောင်း အသီးသီး ဆွေးနွေး ဆုံးဖြတ် ခဲ့တယ်လို့လည်း ကျီခါးမြို့ခံများ ထံမှ ဆက်လက် သိရှိရပါတယ်။

“ကျီခါးမြို့ရဲ့ လက်ရှိ အခြေအနေက အတော်ဆိုးတယ်။ အစိုးရ ဘက်က ဒေသအတွင်း တရား ဥပဒေ စိုးမိုးရေး အတွက် လုပ်ပေး နိုင်မှုအရမ်း အားနည်းနေ သေးတယ်။ ရာဇဝတ်မှု တခုခု ဖြစ်တာတောင် တရားစွဲချင်ရင် တွန်းဇံကို သွားရတော့ အမှုဖွင့်တောင် အခက်အခဲ ရှိတယ်။ ဒါကြောင့် မြို့ရဲ့ လုံခြုံရေး ဆိုင်ရာတွေ အတွက် အခုလို စည်းဝေးပြီး စည်းကမ်း ချမှတ် ခဲ့ရတာပါ” လို့ ကျီခါးမြို့ရဲ့ လူလတ်ပိုင်း အဖွဲ့အစည်း ခေါင်းဆောင် တဦးက ဆက်လက် ပြောကြား ခဲ့ပါတယ်။

လက်ရှိ အချိန်မှာတော့ ကျီခါးမြို့မှာ အစိုးရ စာသင်ကျောင်း ဖွင့်လှစ်နေပြီ ဖြစ်ပြီး အထွေထွေ အုပ်ချုပ်ရေး ဝန်ထမ်း တချို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အရပ်ဘက် အုပ်ချုပ်ရေးကို Zogam Vaihawm Committee (ဇိုဂမ် စီမံအုပ်ချုပ်ရေး ကော်မတီ) က ဆောင်ရွက်ကာ ZRA-EC မှ နယ်မြေကို ထိန်းချုပ် ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *