
အောက်တိုဘာ ၂၃ ရက်။
“ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် – UWSA ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ရှမ်းပြည်နယ် ပန်ဆန်း၊ နားဝီး၊ မိုင်းပေါက်နဲ့ တောင်ပိုင်း ၁၇၁ စစ်ဒေသတွေမှာ ယာယီပိတ်သိမ်းခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို ပြီးခဲ့တဲ့အောက်တိုဘာ ဒုတိယပတ်ကစတင်ပြီး အာဏာပိုင်အစိုးရဘက်က ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း WA News Land ကသတင်းဖော်ပြထားပါတယ်။
ဘုရားကျောင်းတွေပြန်ဖွင့်ပေးလိုက်ပြီး တစ်ဖက်မှာလည်း အယူလွှဲမှားတဲ့ ဒေသအခေါ် “ယေရှု့တရုတ်မ” အဖွဲ့တွေကို ဆက်လက်ဖမ်းဆီး အရေးယူသွားမှာ ဖြစ်ကြောင်း၊ဒါ့အပြင်စုံစမ်းစစ်ဆေးရေး လုပ်ငန်းဆောင်ရွက်စဉ်အတွင်း ဖမ်းဆီးခံလိုက်ရတဲ့ ဓမ္မဆရာတစ်ဦးကိုပြန်လွှတ်ပေးခဲ့ပြီး “ယေရှုတရုတ်မ” အဖွဲ့အား ကိုးကွယ်ယုံကြည်ကြသူတွေကိုတော့ ထောင်ဒဏ်အသီးသီးစီချမှတ်လိုက်တယ်လို့ နောက်ထပ်သတင်းအရင်း အမြစ်က
WA News Land ကိုပြောပါတယ်။
“ဝ” တပ် – UWSA ဟာ လွှဲမှားတဲ့အယူဝါဒ “ယေရှုတရုတ်မ” အဖွဲ့တွေ ဝင်ရောက်လာတဲ့ သတင်းကြောင့် “ဝ” ဒေသနေရာ ၄ ခုမှာရှိကြတဲ့ခရစ်ယာန်ဘုရားကျောင်းတွေကို သြဂုတ်လ ဒုတိယအပတ်ကစတင်ကာ ယာယီပိတ်သိမ်းလိုက်ပြီး ၂ လအကြာမှာ ပြန်ဖွင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
UWSA ရဲ့ ပြောခွင့်ရတာဝန်ခံဦးညီရန်းကတော့ တရုတ်ရဲ့သတိပေးလာမှုကြောင့် ဘုရားကျောင်းတစ်ချို့ကို ယာယီပိတ်သိမ်းလိုက်တာဖြစ်ပြီးအစွန်းရောက်တဲ့ ဘာသာရေးကင်းရှင်းမှုရှိမှသာပြန်ဖွင့်ပေးမှာဖြစ်ကြောင်း သြဂုတ် (၁၄) ရက်နေ့ကအ ချက် (၄) ချက်နဲ့အတူ ၎င်းရဲ့လူမှုကွန်ရက် စာမျက် နှာမှာ ဖော်ပြခဲ့ပါတယ်။
သတင်းမှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ၂၀၁၈ – ၂၀၁၉ ဝန်းကျင်ကလည်း “ဝ” ဒေသတွင်း ခရိုင်းအားလုံးအတိုင်းအတာနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေပိတ်သိမ်းတာ၊ ဓမ္မဆရာတွေ ဖမ်းဆီးထောင်ချခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ဖူးပါတယ်။

