Headlines

မင်းတပ်မြို့ပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘာသာရေးအဆောက်အဦးအပါ အရပ်သားနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့

အောက်တိုဘာလ ၂၄ ရက်။

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တစ်နေရာကို ဒီကနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘာသာရေးအဆောက်အဦးအပါဝင် အရပ်သားနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ မင်းတပ်ဒေသခံ HKl Midat ရဲ့ လူမှုကွန်ရက်ပေါ် ဖော်ပြချက်အရ သိရပါတယ်။

မကွေးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးကနေ ၄ ကြိမ် ဗုံး ၈ လုံးကြဲချပြီး အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ HKl Midat က ဆိုပါတယ်။

မနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း မင်းတပ်မြို့အနီးနေရာတွေကို တိုက်လေယာဉ် ၃ စီး ၊ Y 12 ဗုံးကြဲလေယောဉ်တွေနဲ့ အတွဲလိုက်ဗုံးတွေအပြင် ဗုံးအလုံး ၃၀ ကျော်ကြဲချပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်သူ့တပ်မတော် (CPA) ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မင်းတပ်၊ ကန်ပက်လက်မြို့နယ်တွေကို အင်အားအမြောက်အများနဲ့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ CPA မဟာမိတ် ပူးပေါင်းတပ်တွေအကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိပြီး မြေပြင်မှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က ရှုံးမဲမဲတဲ့ အနေဖြင့် အပြစ်မဲ့ အရပ်သားပြည်သူလူထုအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်လို့ ပြည်သူတွေအနေဖြင့် လေကြာင်းရန် အထူးဂရုစိုက်ကြဖို့ကိုလည်း ချင်းပြည်သူ့တပ်မတော် (CPA) က အောက်တိုဘာလ ၂၀ ရက်နေ့က သတိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *