
ဇူလိုင်လ ၂၂ ရက်။
ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် ကလေး – တီးတိန်လမ်းပိုင်းရှိ စိုင်မွာလ် ( Saimual) နဲ့ ဒင်လို ( Dimlo) ကျေးရွာအကြားမှာ မနေ့ ဇူလိုင်လ ၂၁ ရက်နေ့ ည ၈ နာရီခန့်မှာ PDF-Zoland တပ်ဖွဲ့နဲ့ ZRA-EC တပ်ဖွဲ့အကြား တိုက်ခိုက်မှုအတွင်း ZRA-EC တပ်ဖွဲ့ဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ ZRA ဘက်က ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ ကလေး–တီးတိန်လမ်းပိုင်းရှိ စိုင်မွာလ် (Saimual) နှင့် ဒင်လို (Dimlo) ကျေးရွာအကြားတွင် PDF-Zoland တပ်ဖွဲ့ဘက်က မြေမြှုပ်မိုင်းနှင့် လက်နက်ငယ်၊ လက်နက်ကြီးများ အသုံးပြုကာ ချောင်းမြောင်းတိုက်ခိုက်ခဲ့တယ်လို့ ZRA က ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ZRA-EC တပ်ဖွဲ့ဝင်ဘက်က Monjep (လမ်ဇန်ကျေးရွာ)၊ Kv (ဘွမ်လီကျေးရွာ) ၊ Thangno (လဲဇန်ကျေးရွာ) တို့ ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပက်သက်ပြီး PDF-Zoland တပ်ဖွဲ့ဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ တရားဝင်ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။
ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် အခြေစိုက် စစ်ရေးလှုပ်ရှားကြတဲ့ PDF-Zoland တပ်ဖွဲ့ဟာ စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့ဖြစ်ပြီး ZRA-EC တပ်ဖွဲ့ကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းကာ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

