
နိုဝင်ဘာလ ၄ ရက်။
ချင်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကြား ဘာသာစကားကွဲပြားမှုကို ကျော်လွှားနိုင်ဖို့ မီဇိုဘာသာစကားကို ဘုံဘာသာစကားအဖြစ် အသုံးပြုသင့်တယ်လို့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ကန်ပက်လက်၊မတူပီ၊ပလက်ဝ ၄ မြို့နယ်ကို အခြေပြုဖွဲ့စည်းထားတဲ့ ချင်းပြည်သူ့အစည်းအရုံး / ချင်းပြည်သူ့တပ်မတော် (CPU/CPA) ရဲ့ အတွင်းရေးမှူး ဆလိုင်းယောမာန် က ပြောပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ မနေ့နိုဝင်ဘာ ၃ ရက်က Chin Pawlpi Mizoram ကဦးစီးကျင်းပတဲ့ Chin Kum Thar အခမ်းအနားမှာ သူက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ချင်းဒေသအတွင်း မြို့နယ်တစ်ခုနဲ့တစ်ခုကြား ဒေသသုံးဘာသာစကားတွေ ကွဲပြားနေတာဟာ စိန်ခေါ်မှုတစ်ခုဖြစ်ပေမဲ့ ယဉ်ကျေးမှုစုံလင်မှုရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်တယ်လို့ ဆလိုင်းယောမာန် ကပြောပါတယ်။
ဒီလိုကွဲပြားမှုတွေကြားမှာ ဘုံဆက်သွယ်ရေးဘာသာစကားတစ်ခု ရှိလာမယ်ဆိုရင် ချင်းပြည်သူတွေအကြား နားလည်မှုနဲ့ စည်းလုံးညီညွတ်မှု ပိုမိုတိုးတက်လာနိုင်ပြီး မီဇိုဘာသာစကားကို ဘုံစကားအဖြစ် အသုံးပြုနိုင်မယ်ဆိုရင် ချင်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းက ပြည်သူတွေအကြား ဆက်သွယ်ရေး ပိုမိုလွယ်ကူလာမှာဖြစ်သလို မီဇိုရမ်ပြည်နယ်ကို သွားရောက်တဲ့အခါမှာလည်း အပြန်အလှန် နားလည်မှု ပိုမိုကောင်းမွန်လာမယ်လို့ သူက ရှင်းပြပါတယ်။
ဒါ့အပြင် ဘာသာစကားဆက်သွယ်မှု ပိုမိုကောင်းမွန်လာခြင်းဟာ ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေးနဲ့ နယ်စပ်စီမံခန့်ခွဲရေးကဏ္ဍတွေမှာလည်း အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်တယ်လို့ ဆလိုင်းယောမာန် က ပြောပါတယ်။ ဒါ့အပြင် မီဇိုရမ်အစိုးရနဲ့ ပြည်သူတွေက ချင်းစစ်ဘေးရှောင်တွေကို အကူအညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ အနာဂတ်မှာ အပြန်အလှန် အကျိုးပြုကူညီနိုင်မယ်လို့လည်း သူက ပြောပါတယ်။
တဆက်တည်းမှာဘဲ လာမယ့်နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံမှာ ကြီးမားတဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သူက ပြောပါတယ်။ အဲဒီလို အပြောင်းအလဲတွေ ဖြစ်ပေါ်လာတဲ့အခါ ရင်ဆိုင်နိုင်ဖို့ ချင်းပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိစစ်ရေးနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြား ချင်းပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခု တည်ဆောက်နိုင်ဖို့ မီဇိုရမ်နဲ့ ချင်းပြည်နယ်အကြား စည်းလုံးညီညွတ်မှု၊ အပြန်အလှန်နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုခိုင်မာလာဖို့ လိုအပ်ကြောင်းကိုလည်း ဆလိုင်းယောမာန်က ပြောပါတယ်။

