Headlines

ကလေး – ဂန့်ဂေါ၊ဟားခါး-ဂန့်ဂေါ လမ်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရေး ပြင်ဆင်နေ

အောက်တိုဘာလ ၂၉ ရက်။

စစ်ကိုင်းတိုင်း ကလေးမြို့ကနေ မကွေးတိုင်း ဂန့်ဂေါမြို့ကို ဆက်သွယ်ထားတဲ့ ကလေး – ဂန့်ဂေါ ကားလမ်းနဲ့ ချင်းပြည်နယ် ဟားခါးမြို့နဲ့ မကွေးတိုင်းဂန့်ဂေါမြို့ကိုဆက်သွယ်ထားတဲ့ ဟားခါး-ဂန့်ဂေါ ကားလမ်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးနဲ့ ဒေသတွင်း ကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ ကလေး – ဂန့်ဂေါကားလမ်းနဲ့ချင်းပြည်နယ် ဟားခါးမြို့နဲ့ မကွေးတိုင်းဂန့်ဂေါမြို့ကိုဆက်သွယ်ထားတဲ့ ဟားခါး-ဂန့်ဂေါ ကားလမ်း ကို ထိန်းချုပ်နိုင်ရေးအတွက် လူသူ လက်နက်ခဲယမ်းတွေ ဖြည့်တင်းတာတွေ လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်ရေးသတင်းရင်းမြစ်က “ကလေး – ဂန့်ဂေါလမ်းကို စကစ ဘက်က စစ်ကြောင်းထိုးဖို့ သတင်းထွက်နေတာတော့ ကြာပြီ သတိထားနေကြရတာပေါ့ ထိုးတာတော့ ထိုးမှာ ။ လေယာဉ်တွေ ဆင်းပြီး လူသူ လက်နက်ခဲယမ်းတွေကိုလည်း ဖြည့်တင်းနေတယ်လို့ သိတဲ့သူတွေကပြောတယ် ဂန့်ဂေါအထိ ပါက်အောင်ထိုးမယ်ဆိုပြီး ကြားနေရတာကြာပြီ” လို့ပြောပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါ ကားလမ်းပေါ်က တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ ထိုမာ ၊ ထောက်ကြံ့၊ ကြာအင်း၊ နတ်မြောင်း ၊ နတ်ချောင်း၊ ရန်ကြီးအောင်စတဲ့ ကျေးရွာတွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း ကလေးမြို့ကနေ တဆင့် ဖလမ်းမြို့ဘက်ကို ပြန်လည် စစ်ကြောင်းထိုး တိုက်ခိုက်တဲ့အချိန် စစ်ကောင်စီဘက်က ပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးနဲ့ ဒေသတွင်း ကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ ကလေး – တမူး ၊ ကလေးဝ – ယာကြီး – မုံရွာ လမ်းပိုင်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကလေး – ဂန့်ဂေါ ကားလမ်းတွေကိုလည်း ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ရေး ပေါ်တာဆွဲ စစ်သားသစ်တွေကို အသုံးချကာ တန်ပြန်ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *