Headlines

ဖုန်းသုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လွဲပြောင်းပေးအပ်တဲ့ Telenor ကိုတရားစွဲဆိုနိုင်ရေး ဦးဆောင်ကြိုးပမ်းသူ ဦးရဲလင်းမြင့် မက်ဂ်နင်းစကီး Magnitsky ဆုချီးမြှင့်ခံရ

နိုဝင်ဘာလ ၈ ရက်။

ဖုန်းသုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေအပါအဝင် စုံစမ်းထောက်လှမ်းရေးဆိုင်ရာ နည်းပညာတွေကို မြန်မာစစ်တပ်ကို လွှဲပြောင်း ပေးအပ်ခဲ့တဲ့ တယ်လီနော (Telenor)ကုမ္မဏီကို တရားစွဲဆိုနိုင်ရေး ဦးဆောင်ကြိုးပမ်းသူ တရားမျှတရေးနဲ့ တာဝန်ခံမှုရှိရေး လှုပ်ရှားမှုအဖွဲ့ (Justice and Accountability Initiative – JAI)အဖွဲ့က ဦးရဲလင်းမြင့်ကို ဗြိတိန်အခြေစိုက် မက်ဂ်နင်းစကီး Magnitsky ဆုအဖွဲ့က လူ့အခွင့်အရေးဆိုင်ရာ ဆုချီးမြှင့်ကြောင်း နိုဝင်ဘာ ၆ ရက်နေ့က ကြေညာလိုက်ပါတယ်။

ဒီဆုဟာ နော်ဝေနိုင်ငံရဲ့ နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Telenor ASA ကို မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ဖုန်းကုမ္ပဏီအနေနဲ့ ပါဝင်ပတ်သက်ကူညီခဲ့တဲ့အတွက် တာဝန်ယူ၊ တာဝန်ခံမှုရှိစေရေး မဆုတ်မနစ် ကြိုးပမ်းအားထုတ်ခဲ့တာကြောင့် လူ့အခွင့်အရေးအတွက် တရားရေးအရ ထူးချွန်စွာ ဆောင်ရွက်နိုင်သူအဖြစ်အသိအမှတ်ပြုချီးမြှင့်တာလို့ ဗြိတိန်အခြေစိုက် မက်ဂ်နင်းစကီး Magnitsky ဆုအဖွဲ့က ကြေညာပါတယ်။

၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်က အရပ်သား အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီး၊ အာဏာသိမ်းပြီးတဲ့နောက် အရပ်သား ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို အကြီးကျယ် ချိုးဖောက်ဖိနှိပ်နေချိန် တယ်လီနော်မြန်မာ ကုမ္ပဏီဟာ တယ်လီဖုန်း ကွန်ရက်အသုံးပြုသူတွေရဲ့ သတင်းအချက်အလက်တွေကို မြန်မာစစ်တပ်ကို အကြိမ်ကြိမ် ပေးအပ်ခဲ့တယ်လို့နော်ဝေနိုင်ငံတရားရေးဌာနမှာ တရားစွဲဆိုထားပါတယ်။

တယ်လီနောက မြန်မာစစ်တပ်ထံ ဖုန်းအချက်အလက်များ ပေးအပ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဇေယျာသော်နှင့် ကိုဂျင်မီတို့ ဖမ်းဆီးခံရမှုများနှင့် ဆက်စပ်နေကြောင်း စုံစမ်းဖော်ထုတ်မှုများ ထွက်ရှိခဲ့ပြီး တယ်လီနောဘက်ကတော့ မြန်မာနိုင်ငံရဲ့ ဥပဒေအရ စစ်တပ်ရဲ့ တောင်းဆိုချက်တွေကို လိုက်နာခဲ့ရပြီး ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကိုလည်း ထည့်သွင်းစဉ်းစားခဲ့ရတယ်လို့ ခုခံပြောဆိုထားပါတယ်။

၂၀၂၆ ခုနှစ် ဧပြီ ၈ ရက်မှာ Justice and Accountability Initiative (JAI) အဖွဲ့က နော်ဝေနိုင်ငံတရားရုံးမှာ Telenor ASA ကို တရားစွဲဆိုခဲ့ပါတယ်။

ဦးရဲလင်းမြင့် ဟာ ဆွီဒင်နိုင်ငံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တရားမျှတရေးနဲ့ တာဝန်ခံမှုရှိရေး လှုပ်ရှားမှုအဖွဲ့ (JAI) ကိုဦးဆောင်တည်ထောင်ပြီး တယ်လီနောကုမ္ပဏီက စစ်တပ်ကို ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လွှဲပြောင်းပေးအပ်ခဲ့တဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်ခံရသူ တယ်လီဖုန်းသုံးစွဲသူ ၁၂၀၀ ကျော် ကိုယ်စား နော်ဝေနိုင်ငံမှာ တရားစွဲဆိုနိုင်ဖို့ ကြိုးပမ်းနေသူဖြစ်တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *