Headlines

မြန်မာပြည် အရှေ့ဘက်က ဘိန်းစိမ်းများရောက်လာတာကြောင့် ချင်းတောင် ဘိန်းစိမ်းဈေး ကျဆင်းလာ

နိုဝင်ဘာလ ၁၁ ရက်။

မြန်မာပြည် အရှေ့ဘက်ခြမ်းက ထွက်ရှိတဲ့ ဘိန်းစိမ်းတွေဟာ ချင်းတောင် အထိ ဈေးကွက်ဖောက် ဝင်ရောက်လာတာကြောင့် ဒေသထွက် ဘိန်းစိမ်းများ ၁ ပိဿာလျှင် ကျပ် သိန်း ၄၀ အထိ ဈေးကျ သွားတယ်လို့ တီးတိန်မြို့နယ် လူမှုရေးလှုပ်ရှားသူ တဦး ထံမှ သိရှိရပါတယ်။

“ကျွန်တော်တို့ စုံစမ်း သိရှိရ သလောက်တော့ ရှမ်းပြည် ဘက်က ဘိန်းစိမ်းတွေကို ကုန်သည်တွေက ၁ ပိဿာ ၁၅ သိန်း လောက်နဲ့ ဝယ်ယူပြီး ချင်းတောင်ကနေ တဆင့် တင်ပို့ကြတယ်။ စီးပွားရေးသမားတွေ ရဲ့ ပြောပြချက် အရတော့ ဒီနှစ် ဆိုရင် ချင်းတောင် ကနေ ထွက်ရှိတဲ့ ဘိန်းစိမ်း ထက် တခြား ဒေသကနေ ရောက်လာတဲ့ ဘိန်းစိမ်းတွေက ပိုများ နေတယ်တဲ့။ အဲလို ဒေသထွက် မဟုတ်တဲ့ဟာတွေ ဝင်လာတာ များတာကြောင့် ချင်းတောင် ဘိန်းစိမ်းဈေးက တောက်လျှောက် ကျနေ တာပါ” လို့ တီးတိန်မြို့နယ်က လူမှုရေး လှုပ်ရှားသူ မှ ပြောကြားသွားပါတယ်။

ချင်းတောင်ထွက် ဘိန်းစိမ်း (ဘိန်းဆီ) တွေဟာ ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ အန္ဒိယနိုင်ငံ နယ်စပ်ဘက် ကနေ ၁ ပိဿာကို ကျပ် သိန်း ၁၂၀ ဝန်းကျင် နဲ့ ရောင်းထွက်ခဲ့ရာ ကနေ ဆက်တိုက် ဈေးကျလာပြီး ၂၀၂၆ မိုးတွင်း ကလာမှာ ကျပ် သိန်း ၆၀ အထိ လည်းကောင်း၊ ဆောင်းဦး ကာလမှာ ကျပ် သိန်း ၄၀ အထိ လည်းကောင်း ဈေးကျ သွားခြင်း ဖြစ်တယ် လို့လည်း တီးတိန်မြို့နယ်နေ ဈေးကွက် သုံးသပ်သူ တဦး ထံမှ ဆက်လက် သိရှိရ ပါတယ်။

“ကုန်သည်တွေရဲ့ ပြောပြချက်အရ လက်ရှိမှာက ရှမ်းပြည် ဘက်ကနေ ဘိန်းစိမ်းတွေကို order မှာချင်ရင် မှာသလောက် ရနိုင်တဲ့ အခြေအနေမှာ ရှိတယ်။ အရင်က ချင်းတောင် ဘိန်းစိမ်းတွေ ဈေးကောင်း ရတာက မြန်မာပြည် အရှေ့ဘက်ခြမ်းထွက် ဘိန်းစိမ်းတွေ သယ်ယူဖို့ လမ်းပန်း ဆက်သွယ်ရေး အဆင်မပြေတာကြောင့် ဖြစ်တယ်။ လက်ရှိ အခြေအနေမှာက အရှေ့ဘက် ရဲ့ ဘိန်း ဈေး နှင့် အနောက်ဘက်ရဲ့ ဘိန်းဈေး ကွာဟချက်ကြား ချိန်ခွင်လျှာ ညှိသလို ပြန် ဖြစ်သွားတယ် လို့လည်း ကုန်သည်တွေ ပြောကြတယ်” လို့ လူမှုအရေး လှုပ်ရှားသူ က ကုန်သည်များရဲ့ သုံးသပ်ချက်ကို ပြန်လည် ပြောပြ ခဲ့ပါတယ်။

ဘိန်းစိမ်း ဈေး ကျဆင်းခြင်း၊ လက်နက်ကိုင် တော်လှန်ရေး အုပ်စုများရဲ့ တားဆီး စွက်ဖက်လာခြင်း နှင့် အလုပ်သမား ရှာဖွေရ ခက်ခဲလာခြင်း တို့ကြောင့် တီးတိန်မြို့နယ် လေသာတောင်တန်း အရှေ့ဘက်ခြမ်း ဒေသမှာတော့ ၂၀၂၆ ခုနှစ်မှာ ဘိန်း စိုက်ပျိုးမှု သိသိသာသာ ကျဆင်းလာခဲ့တယ် လို့လည်း ဒေသခံ ပြည်သူများထံ မှ သိရှိရ ပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ကတော့ ၂၀၂၅ ခုနှစ် (နောက်ဆုံး ရာသီ) မှာ ချင်းတောင် ကနေ ဘိန်းစိမ်း မက်ထရစ်တန် ပေါင်း ၂၀ ဝန်းကျင် ထွက်ရှိနိုင်တယ် လို့ ခန့်မှန်းထားပြီး ယင်းပမာဏ ဟာ မြန်မာနိုင်ငံရဲ့ ဘိန်းစိမ်း ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၂ ရာခိုင်နှုန်း ရှိတယ်လို့ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု စစ်တမ်း အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *