Headlines

အိမ်နီးချင်းကောင်းပီသစွာ AA ရဲ့ကူညီပံ့ပိုးပေးမှုတွေပေါ် ကျေးဇူးတင်တယ်လို့ ULA/AA တပ်တော် (၁၇) နှစ်ပြည့်နေ့မှာ မဟာမိတ် ချင်းညီနောင်နဲ့ချင်းလက်နက်ကိုင်အဖွဲ့တွေက သဝဏ်လွှာပေးပို့

ဧပြီလ ၁၀ ရက်။

အိမ်နီးချင်းကောင်းပီသစွာ အဖက်ဖက်က ကူညီပံ့ပိုးပေးခဲ့တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / အာရက္ခတပ်တော် (ULA / AA) အပေါ် ကျေးဇူးတင်ရှိတယ်လို့ မဟာမိတ်ဖြစ်တဲ့ ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ ချင်းညီနောင်(CB)အဖွဲ့ ၊ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် နဲ့ အရှိုချင်းကာကွယ်ရေးတပ် ( ACDF) တို့က အာရက္ခတပ်တော် ( ULA / AA) တပ်တော် တည်ထောင်ခြင်း ၁၇ နှစ်ပြည့်တဲ့ ဧပြီလ ၁၀ ရက်နေ့မှာ သဝဏ်လွှာ အသီးသီးပေးအပ်ခဲ့ကြပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / အာရက္ခတပ်တော် (ULA / AA) ဟာ အာရက္ခဒေသနေ ပြည်သူလူထုတရပ်လုံး တော်လှန်ရေးတွင် တက်ကြွစွာပါဝင်စေရန် စည်းရုံးနိုင်တဲ့ပြင် စစ်ရေးနှင့် နိုင်ငံရေးကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် ထူးခြားပြောင်မြောက်သော စွမ်းရည်တွေဖြင့် အောင်ပွဲအလီလီ ဆွတ်ခူးနိုင်ခဲ့တာကို နိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုတွေ လေးစားအားကျခြင်း ရရှိတဲ့ ရှေ့ဆောင်လမ်းပြ တော်လှန်ရေးအဖွဲ့အစည်း တစ်ခုလည်းဖြစ်တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် က သဝဏ်လွှာပေးတဲ့အထဲ ဖော်ပြထားပါတယ်။

ချင်းပြည်သူလူထု အကျိုးစီးပွားနှင့် အာရက္ခဒေသရှိ ပြည်သူလူထု အကျိုးစီးပွားတို့ကို အပြန်အလှန် ကာကွယ်စောင့်ရှောက်ပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိသည်အထိ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / အာရက္ခတပ်တော် (ULA / AA) နှင့်အတူ ရေရှည်လက်တွဲ ချီတက်ရှေ့ဆက်သွားမယ်လို့လည်း ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် က ဆိုပါတယ်။

အာရက္ခတပ်တော်ရဲ့ ဦးဆောင်မှုဖြင့် ပြည်သူတွေ လိုလားတောင့်တချက်ဖြစ်တဲ့ နိုင်ငံရေးရည်မှန်းချက်တွေ မကြာမှီအတွင်း အာရက္ခပြည်သူတို့ လက်အတွင်း မလွဲမသွေရောက်ရှိပါစေကြောင်း ဆန္ဒပြုတယ်လို့လည်း အရှိုချင်းကာကွယ်ရေးတပ် ( ACDF) က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ချင်းလက်နက်ကိုင်ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်တဲ့ အရှိုချင်းကာကွယ်ရေးတပ် ( ACDF) အဖွဲ့ဟာ မကွေးတိုင်း ၊ အရှို(ချင်း)တွေ နေထိုင်ရာတွေမှာ စစ်ရေးလှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပြီး မတူပီ၊မင်းတပ်၊ကန်ပက်လက်နဲ့ဖလမ်းမြို့သိမ်းထားတဲ့ ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့၊ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော်ဟာ အရင်( ချင်းညီနောင်)အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ချင်းပြည်နယ်တောင်ပိုင်းဒေသမှာ ထိန်းချုပ် စစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်ကြပြီး အာရက္ခတပ်တော် ( ULA / AA) နဲ့ စစ်ရေးမဟာမိတ်တွေ ဖြစ်ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *