
ဇန်န၀ါရီလ ၁၆ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း အခြေပြုစစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Chinland Defense Force – Kalay Kabaw Gangaw (CDF – KKG ) တပ်ဖွဲ့ဝင် ၁၂ ဦး ဟာ ကလေး – ဂန့်ဂေါ ဒေသ တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့ရပြီလို့ ဇန်နဝါရီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျဆုံးရဲဘော် အများစုဟာ ကလေးတောင်ပိုင်း ကလေး – ဂန့်ဂေါအကြားမှာရှိတဲ့ အာဏာသိမ်း စစ်ကော်မရှင်နဲ့တိုက်ပွဲအကြား ကျဆုံးခဲ့ကြတာလို့လည်း CDF – KKG ထုတ်ပြန်ချက်အရ သိရပါတယ်။
ကလေးမြို့နယ် မှန်တော တိုက်ပွဲအတွင်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့မှာ ရဲဘော် Bawi Tuah ၊ အောင်သာယာ တိုက်ပွဲအတွင်း အောက်တိုဘာလ ၁၈ ရက်နေ့မှာ ရဲဘော်ဖြိုကိုအောင်၊ အောင်သာယာ တိုက်ပွဲတွင် ရဲဘော် မင်းကို၊ မှန်တော တိုက်ပွဲတွင် ရဲဘော် Pum Luah Cin ၊ အောက်တိုဘာလ ၂၀ ရက်နေ့ လက်ပံချောင်းတိုက်ပွဲအတွင်း တပ်စုမှူး Pu Lian Khem ၊ အောင်သာယာတိုက်ပွဲတွင် ရဲဘော် မောင်အေး (ခ) ရဲမာန် နဲ့ မှန်တော တိုက်ပွဲတွင် ရဲဘော် Bi Za Ting တို့် ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ မှန်တောတိုက်ပွဲမှာ ရဲဘော် ဇေယျာမျိုး၊ ရဲမေ Dim Man Cing ဟာလည်း တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နေစဉ် ကျန်းမာရေးအခြေနေကြောင့် ကျဆုံးခဲ့ပြီး အနောက်တောရွာအတွင် ရဲဘော် ရှိုင်းထက်စိုး (ခ)ပိန်သေး၊ မှန်တောတိုက်ပွဲတွင် ရဲဘော် ရန်လင်းအောင် ၊ မှန်တောတိုက်ပွဲတွင် ရဲဘော် ကြယ်ဇင်ကျော် တို့ ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်ကို တိုက်ခိုက်ချေမှုန်ပြီး ၊ စစ်အာဏာရှင်စနစ် ပပျောက်ရေးအတွက် အသက်ပေးလှူသွားတဲ့ ရဲဘော်တွေကို လေးစားဂုဏ်ပြုကြောင်းနဲ့ ကျန်ရစ်သူမိသားစုနှင့်တကွ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းကိုလည်း CDF – KKG က ဖော်ပြထားပါတယ်။

