Headlines

ကလေးမြို့မှာ ရွေးကောက်ပွဲအတွက် လက်ကမ်းစာစောင် ဝေတာတွေကို လုံခြုံရေးအင်အားအများအပြားနဲ့ ပြုလုပ်နေ

created by Polish

ဒီဇင်ဘာလ ၂၂ ရက်။

စစ်ကိုင်းတိုင်း ၊ ကလေးမြို့ပေါ်မှာ လာမည့် ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးအနေဖြင့် လက်ကမ်းစာဆောင်ဝေတာတွေကို စစ်တပ်၊ရဲ လုံခြုံရေးအင်အားအများအပြားနှင့် အခုရက်ပိုင်းအတွင်း ပြုလုပ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “လက်ကမ်းစာဆောင်ဝေတာတွေတော့ လုပ်တာ အခုရက်ပိုင်းအတွင်း ၃ ၊ ၄ ကြိမ်လောက်တွေ့ရတယ် လုံခြုံရေးအများကြီးနဲ့ လုပ်ကြတယ် ဟောပြောတာတွေတော့ လုပ်တာမတွေ့ရဘူး နောက်ပြီး စည်ပင်ရုံးရှေ့တည့်တည့် လေယာဉ်ကွင်းဘေးမှာတော့ ဆိုင်းဘုတ်ကြီးကြီးလုပ်ထားတာတော့ရှိတယ် အဲနေရာကလုံခြုံရေးလည်း ကောင်းတော့ အခိုင်အမာကိုထောင်ထားတာ ကျန်တဲ့နေရာတွေမှာတော့ မတွေ့ရဘူး” လို့ပြောပါတယ်။

ရပ်ကွက်ပေါင်း ၂၀ ရှိတဲ့ ကလေးမြို့ပေါ်မှာ ရွေးကောက်ပွဲကို ကလေးမြို့အနောက်ဘက်ပိုင်း ချင်းလူမျိုးအများစု နေထိုင်တဲ့ ရပ်ကွက် (၇) ရပ်ကွက်မှာ တော့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေ မရှိလို့ ရွေးကောက်ပွဲ ကျင်းပခြင်း ပြုလုပ်မှာ မဟုတ်ဘူးလို့ စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာလ ၅ ရက်နေ့တုန်းက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကာ ရွေးကောက်ပွဲ အပိုင်း (၁)ကို ကျင်းပပြုလုပ်မှာဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း (၂) ကိုတော့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပဖို့ စစ်ကော်မရှင်က ပြင်ဆင်ထားပါတယ်။

ကလေးမြို့က လူထုတိုက်ပွဲဦးဆောင်ကော်မတီကတော့ စစ်ကော်မရှင်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ တိုက်တွန်းတာတွေကိုလည်း တောက်လျှောက်လုပ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *