
ဝန်ကြီးဌာန စုစုပေါင်း ၄ ခုမပါဝင်တော့ဘဲ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) အဖွဲ့ကို လူဟောင်းအများစုနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရအဖွဲ့မှာ NUG ကနေ နုတ်ထွက်သွားပြီဖြစ်တဲ့ ဒေါက်တာဆာဆာ ဦးဆောင်တဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ စီးပွားကူးသန်းဝန်ကြီးဌာန၊ ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန စုစုပေါင်း ဌာန ၄ ခု မပါဝင်တော့တာတွေ့ရပါတယ်။
NUG အစိုးရအဖွဲ့သစ်မှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော် သမ္မတအဖြစ် ဦးဝင်းမြင့် တို့ကအရင်တိုင်းဖြစ်သလို ယာယီသမ္မတ အနေဖြင့် ဒူဝါလရှီးလ ၊ ဝန်ကြီးချုပ်အဖြစ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ဒေါက်တာဇော်ဝေစိုးတို့က တာဝန်ဆက်လက်ယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ ဒေါ်ဇင်မာအောင်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဦးလွင်ကိုလတ်က ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ဦးရည်မွန်က ကာကွယ်ရေးဝန်ကြီးဌာန၊ ဒေါက်တာလျန်မှုန်းဆာခေါင်း က ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ၊ ဦးတင်ထွန်းနိုင်က စီမံကိန်း၊ ဘဏာရေးနှင့် ရင်းနှီးမြှုုပ်နှံမှုဝန်ကြီးဌာန ၊ ဒေါက်တာဝင်းမြတ်အေးက လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန၊ ဂျာထွယ်ပန် က ပညာရေးဝန်ကြီး ၊ ကျန်းမာရေးဝန်ကြီးဌာန ဒေါက်တာရွှေပုံ ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒေါက်တာတူးခေါင် ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဦးအောင်မျိုးမင်း ၊ တရားရေးဝန်ကြီးဌာန ဦးအောင်မျိုးမင်းနဲ့ လျှပ်စစစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဦးစိုးသူရထွန်းတို့ ဖြစ်ကြပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဒီမိုကရေစီနည်းအကျ အပ်နှင်းလိုက်တဲ့ အာဏာ ကို ကျင့်သုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိပညာဉ်အရ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်တာလို့လည်း ဆိုပါတယ်။

