
အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇော်မြို့ရောက် CDM စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေ နှင့် စစ်ဘေးရှောင်တွေကိုရက်ကန်း သင်တန်းပေးပြီး ရက်ကန်းပညာရပ် တက်ရောက်အောင်မြင်တဲ့ သူတွေကို အလုပ်အကိုင်ရရှိစေရန်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြည်သူ့ပန်းတိုင်၊ ပေါင်းစည်းလမ်း သက်မွေးသင်တန်းဌာနက ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၂၂ ရက်နေ့ကစလို့ ရက်ကန်းသင်တန်းကို စတင်ဖွင့်လှစ်ပေးခဲ့ပြီး CDM စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေ စစ်ဘေးရှောင်တွေထဲက ၈ ဦးဟာ ခြောက်ပတ်ကြာ လေ့လာသင်ယူခဲ့ကြပြီး နိုဝင်ဘာလ ၂၉ ရက်နေ့မှာ သင်တန်းသားအားလုံး အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲမှာ တစ်ဦးချင်းစီအတွက် သင်တန်းပြီးဆုံးခြင်း အောင်လက်မှတ်တွေပေးအပ်ခဲ့ပြီး အထွေထွေထောက်ပံ့ငွေတွေကိုလည်း ပေးအပ်ခဲ့ပြီး ရက်ကန်းပညာရပ် တက်ရောက်အောင်မြင်ခဲ့တဲ့ သင်တန်းသား အားလုံးကိုလည်း ရက်ကန်းရုံတွေနဲ့ ချိတ်ဆက်ကာ သင်တန်းဆင်းအားလုံးကို အလုပ်အကိုင် ရရှိစေဖို့ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ပေါင်းစည်းလမ်း သက်မွေးသင်တန်းတွေကို နွေဦးတော်လှန်ရေးမှာ ပုံစံမျိုးစုံနဲ့ ကျရာကဏ္ဍကနေ ပူးပေါင်းပါဝင်နေကြတဲ့ ပြည်သူတွေရဲ့ ဘဝကို မြှင့်တင်ပေးဖို့နဲ့ ရွှေ့ပြောင်း လာသူတွေအနေနဲ့ နေရာသစ်မှာ အသက်မွေးဝမ်းကျောင်း အတက်ပညာတစ်ခု တက်မြောက်ပြီး အလုပ်အကိုင် ရရှိစေရန် ရည်ရွယ်ပြီး ပြည်သူ့ပန်းတိုင်က ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

