
ညီနောင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲပြီး အမြော်အမြင်ရှိရှိ ဦးဆောင်ဦးရွက်ပြုမှု ပံ့ပိုးပေးဆပ်မှုအပေါ် ဂုဏ်ယူလေးစားတဲ့အကြောင်း ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ် / ကချင်လွတ်မြောက်ရေးတပ်မတော် ( KIO/ KIA) တည်ထောင်ခြင်း (၆၅) နှစ်မြောက် ဂုဏ်ပြု သဝဏ်လွှာကို ချင်းအမျိုးသားတပ်ဦး (CNF/CNA) က ပေးပို့ခဲ့ပါတယ်။
CNF အနေနဲ့ တအူတုံဆင်း ကချင်ညီနောင်များနဲ့အတူ နိုင်ငံရေးခံယူချက်နှင့် နိုင်ငံရေးဦးတည်ချက် တူညီသော တိုင်းရင်းသားညီနောင်မဟာမိတ်တွေ NUG အစိုးရ ၊ နွေးဦးတော်လှန်ရေး လက်နက်ကိုင် အင်အားစုများနဲ့အတူ ပြည်သူလူထုဘက်မှ ရပ်တည်ပြီး အဆုံးတိုင်တိုက်ပွဲဝင်သွားမယ်လို့လည်း ဂုဏ်ပြု သဝဏ်လွှာမှာ ချင်းအမျိုးသား တပ်ဦး (CNF/CNA) က ထည့်သွင်းဖော်ပြထားပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ် / ကချင်လွတ်မြောက်ရေးတပ်မတော် ( KIO/ KIA) နဲ့ ကချင်ပြည်သူတွေရဲက နိုင်ငံရေး ရည်မှန်းချက်ရောက်ရှိနိုင်ရေးအတွက် အသက်ပေးသွားတဲ့ ကချင်အာဇာနည် သူရဲကောင်းတွေကိုလည်း ဦးညွှတ်ဂါရဝပြုတဲ့ကြောင်းကိုလည်း သဝဏ်လွှာမှာထည့်သွင်းထားပါတယ်။
KIO/ KIA ရဲ့ နေထူး အခါသမယမှာ KIO/ KIA ခေါင်းဆောင်များနဲ့ တော်လှန်ရေးရဲဘော်များ ကချင်ပြည်သူတွေအပေါ် ဘုရားရှင်ထံမှ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသားခြင်း၊ နှလုံး၏ ငြိမ်သက်ခြင်း ဆုကျေးဇူးတွေ သက်ရောက်စေကြောင်းကိုလည်း ဆန္ဒပြု ယင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့တယ်လို့ ဆိုပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ် / ကချင်လွတ်မြောက်ရေးတပ်မတော် ( KIO/ KIA) ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်တော်များကို မွေးထုတ်ပေးခဲ့တဲ့အထဲ ချင်းအမျိုးသား တပ်ဦး (CNF/CNA) ကိုလည်း မွေးထုတ်ပေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

