
မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုဘေးသင့်ခဲ့တဲ့အချိန် မတ်လ ၂၈ ရက်နေ့ကနေ မေလ ၃၀ ရက်အတွင်း စစ်ကောင်စီက ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၅၂၈ ကြိမ်တိုက်ခိုက်ခဲ့လို့ အရပ်သားသေဆုံးမှု ၄၆၂ ဦးရှိခဲ့ကာ၊အရပ်သား ၈၈၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဇွန်လ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ချင်းပြည်နယ်မှာတော့ ငလျင်လှုပ်ခတ်မှုဘေးသင့်တဲ့အချိန်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ဖြစ်ခဲ့ပြီး အရပ်သားသေဆုံးမှု ၁၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၂ ဦး ရှိခဲ့တယ်လို့လည်း အမျိုးသားညီညွှတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းတိုင်းထဲက နေရာတစ်ချို့နဲ့ မန္တလေး၊ နေပြည်တော်တို့မှာ လူထိခိုက်သေဆုံးမှု ထောင်ချီရှိခဲ့ပြီး နေအိမ်အဆောက်အဦးများစွာလည်း ထိခိုက်ပျက်စီးခဲ့ပေမယ့် ချင်းပြည်နယ်မှာတော့ ငလျင်ကြောင့် လူထိခိုက်သေဆုံးတာ နေအိမ်အဆောက်အဦးထိခိုက်ပျက်စီးခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။