Headlines

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့နိုင်ငံအဖြစ် သတ်မှတ်ပေးဖို့ အမေရိကန်အစိုးရကို BRI တောင်းဆို

စက်တင်ဘာလ ၂၆ ရက်။

နေပြည်တော်အခြေစိုက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာ ၃ ဦးရဲ့ထိမ်းမြားပေးနိုင်ခွင့် လိုင်စင်များ ရုပ်သိမ်းလိုက်ခြင်းဟာ ဘာသာရေးလွတ်လပ်ခွင့်ကို အပြင်းအထန် ချိုးဖောက်တာဖြစ်လို့ မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးဖို့ အမေရိကန်အစိုးရကို Burma Research Institute (BRI) က တောင်းဆိုထားပါတယ်။

ခရစ်ယာန်ဓမ္မဆရာ ၃ ဦး၏ ခရစ်ယာန် မင်္ဂလာပွဲများ ထိန်းမြားပေးခွင့် လိုင်စင်များကို ဇွန်လ ၉ ရက်မှာ အမိန့်အမှတ် ၂၅၄/ ၂၀၂၆ ဖြင့်နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ရုတ်သိမ်းခဲ့ပါတယ်။

“စစ်ကောင်စီရဲ့ တရားလွှတ်တော်ချုပ်က ၂၀၂၆ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အမိန့်တွေဟာ စစ်ကောင်စီက ဘာသာရေး လွတ်လပ်ခွင့်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေကြောင်း ထပ်မံပြသလိုက်တဲ့ သာဓကတွေ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ကော်မရှင် (USCIRF) က စနစ်တကျ၊ ဆက်တိုက်နဲ့ အလွန်ဆိုးရွားတဲ့ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုများအတွက် ၂၀၂၆ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာမှာ ထောက်ခံအကြံပြုထားတဲ့အတိုင်း အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့် အက်ဥပဒေအရ ထရန့်အစိုးရအနေနဲ့ မြန်မာကို ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံ (CPC) အဖြစ် ချက်ချင်း ပြန်လည်သတ်မှတ်သင့်ပါတယ်” လို့ အမေရိကန်အခြေစိုက် BRI အဖွဲ့ရဲ့ဥက္ကဌ နှင့် CEO ဖြစ်သူ Zo Tum Hmung က ပြောပါတယ်။

ထိမ်းမြားပေးနိုင်ခွင့် လိုင်စင်ရုပ်သိမ်းခြင်းခံရသော ဓမ္မဆရာ ၃ ဦးမှာ ဗုဒ္ဓဘာသာဝင် အမျိုးသားနှင့် အမျိုးသမီးတို့ကို ခရစ်ယာန်ဘာသာဝင်များဖြစ်ရ လက်ထပ်ပေးခဲ့တဲ့ ပြင်ဦးလွင်ခရိုင်၊ ပဒေသာမြို့သစ်မှ ယေရုရှလင် နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ သင်းအုပ်ဆရာ၊ သိက္ခာတော်ရ ဆရာ ဒေါက်တာ ဇော်တောင် (ခ) ခေါင်းလွမ်း နှင့်ဗုဒ္ဓဘာသာဝင် အမျိုးသမီးနှင့် အခြားဘာသာဝင် အမျိုးသားကို ထိန်းမြားလက်ထပ်ပေးခဲ့တဲ့ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့မှ လူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ သင်းအုပ်ဆရာ၊ သိက္ခာတော်ရ ဆရာ ဦးဂျိုးဇက် (ခ) ဦးဇော်လင်း၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးနှင့်ခရစ်ယာန်ဘာသာဝင် အမျိုးသားကိုထိန်းမြားလက်ထပ်ပေးခဲ့တဲ့ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်ရှိ၊ မြောက်ဥက္ကလာပ တိုင်းရင်းသားပေါင်းစုံ နှစ်ခြင်းအသင်းတော်မှ ဆရာတော် စောမြင့်ထွန်းဖြစ်တယ်လို့ သိရပါတယ်။

၁၉၉၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ စစ်တပ်၏ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုများကြောင့် မြန်မာကို ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့် နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးဖို့ BRI က တောင်းဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *