
စက်တင်ဘာလ ၂၅ ရက်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှာဟာခရိုင်၊ ရှာဟာမြို့က မရာလူငယ်အသင်း ( MTP ) ဌာနချုပ်မှာ အာရက္ခတပ်တော် ( ULA / AA ) နဲ့ MTP နှစ်ဘက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမှုအပြီး ယာယီပိတ်ထားတဲ့ အိန္ဒိယ – ရခိုင်ပြည်ကုန်သွယ်ရေးလမ်းတွေကို မနေ့စက်တင်ဘာလ ၂၄ ရက်နေ့ ညပိုင်းမှာ ပြနလည်ဖွင့်လှစ်ပေးလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံ၊ ရှာဟာခရိုင်ရှိ ခိုင်ခီ ကျေးရွာဆိပ်ကမ်းမှာ ရခိုင်လူမျိုး စက်လှေမောင်းသမားတချို့က ဆိပ်ကမ်းအတွင်း တာဝန်ယူထားတဲ့ ဒေသခံ MTP တာဝန်ရှိသူတွေနဲ့ စကားများ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကာာခိုင်ခီဂိတ်ကို မီးရှို့ဖျက်ဆီးခဲ့လို့ MTP တာဝန်ရှိသူတွေဘက်က ရခိုင်ဘက် ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းတွေကို ယာယီပိတ်ခဲ့တာဖြစ်ပါတယ်။
ခိုင်ခီဆိပ်ကမ်းမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပက်သက်ပြီးလည်း အာရက္ခတပ်တော် ( ULA / AA ) နဲ့ မရာကျေးရွာလူငယ်အသင်း MTP ကတာဝန်ရှိသူတွေဟာ မနေ့ညက အပြန်အလှန်ဆွေးခဲ့ကြပြီး နောင်အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ MTP ဌာနချုပ်ဘက်ကလည်း စက်တင်ဘာလ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဆိုင်းဟားခရိုင်ရှိ ခိုင်ခီ ကျေးရွာဆိပ်ကမ်းမှာ နယ်မြေခံ MTP တာဝန်ရှိသူတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာ ဦးဆောင်ပါဝင်တဲ့ ရခိုင်စက်လှေမောင်းသမားတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းအရေးယူထားတယ်လို့ အခင်းဖြစ်ပွားမှုအပြီး ရက်ပိုင်းအတွင်း ULA / AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မီဒီယာတချို့မှာ ဖြေကြားခဲ့ပါတယ်။
လက်ရှိ မရာလူငယ်အသင်း ( MTP ) က ပြန်လည်ဖွင့်လှစ်ပေးခဲ့တဲ့ လမ်းနှစ်လမ်းဟာ အိန္ဒိယကနေ တဆင့် ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်ကို ကုန်စည် ကူးသန်းသွားလာရာမှာ အရေးပါတဲ့ လမ်းတွေဖြစ်တယ်လို့လည်း သိရပါတယ်။

