
စက်တင်ဘာလ ၂၅ ရက်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ပြည်သူအကြား တရားဝင်မှု ရရှိနိုင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေသလို လွတ်မြောက်နယ်မြေအတတွင်းက စာသင်ကျောင်းတွေကို စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းတွေက ချိတ်ဆက်ဖို့ အဓိကထားကြိုးပမ်းဆောင်ရွက်နေတာကိုလက်မခံဖို့ Chinland Council က
ဖွဲ့စည်းထားတဲ့ ချင်းပြည်အစိုးရ ၊ ပညာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၄ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။
ပညာရေးဝန်ကြီးဌာနက စစ်ကောင်စီလက်အောက်ခံ ကျောင်း၊ ရုံးတွေနဲ့ မချိတ်ဆက်ဖို့ ကိုလည်း အထူးသတိပေးထားပြီး စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေအတွင်းက စာသင်ကျောင်းတွေကို စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းတွေနဲ့ ချိတ်ဆက်ဖို့ အဓိကထား မြူဆွယ်တာ၊ ခြမ်းခြောက်နေတာတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီလုပ်ရပ်တွေကို ပြည်သူလူထုအနေဖြင့် နားမယောင်မိစေဘဲ တော်လှန်ပြည်သူပီပီ ပြတ်ပြတ်သားသား ပြန်လည်တုန့်ပြန်ဖို့ကိုလည်း အလေးအနက် တိုက်တွန်းထားပြီး စစ်ကောင်စီ လက်အောက်ခံ ကျောင်းတွေ ရုံးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်တာတွေ ရှိရင်လည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ သတိပေးထုတ်ပြန်ထားတာတွေ့ရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန် ချင်းပြည် ( Chinland ) အတွင်းက စာသင်ကျောင်းတွေကို CDMer ဆရာ/ ဆရာမတွေနဲ့ ပြည်သူလူထုက ပူးပေါင်း ကိုယ်ထူကိုယ်ထဖြင့် အခက်အခဲများစွာ စိန်ခေါ်မှုများစွာထဲကနေ ဒီကနေ့ အချိန်ထိ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိတော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနအောက်မှာ စာသင်ကျောင်းပေါင်း ၃၇၃ ကျောင်းဖွင့်လှစ်ထားပြီး ကျောင်းသူ/ကျောင်းသား ၃၅,၈၉၇ ဦး ပညာသင်ယူလျက်ရှိတယ်လို့လည်း သိရပါတယ်။

