Headlines

ကူကီးလက်နက်ကိုင်အဖွဲ့ စစ်ဦးစီးချုပ်နဲ့ မဏိပူရ်မှ ကူကီးကျောင်းသားခေါင်းဆောင် ၂ ဦး အိုင်ဇောလ်မှာဖမ်းဆီးခံရ

စက်တင်ဘာလ ၂၅ ရက်။

အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က မဏိပူရ်အခြေစိုက် ကူကီးလက်နက်ကိုင်အဖွဲ့ (UKNA) ရဲ့ စစ်ဦးစီးချုပ်ကို မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ အစွန်မှာ ဖမ်းဆီးရမိပြီးနောက် နာရီပိုင်းအကြာမှာပဲ မဏိပူရ်ပြည်နယ်က ကူကီးကျောင်းသားခေါင်းဆောင် ၂ ဦးကို အိုက်ဇောလ်မြို့ရှိ ဟိုတယ်တစ်ခုမှာ ထပ်မံဖမ်းဆီးလိုက်တယ်လို့ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၅ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

အဆိုပါ ဖမ်းဆီးခံရတဲ့ ကျောင်းသားခေါင်းဆောင် ၂ ဦးကို စက်တင်ဘာလ ၂၄ ရက် က အိုက်ဇောမြို့ Khatla ရပ်ကွက်မှာရှိတဲ့ ဟိုတယ်တစ်ခုကနေ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီမတိုင်မီ နာရီပိုင်းအလိုမှာ NIA နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့ (Assam Rifles) တို့ ပူးပေါင်းပြီး အိုက်ဇောမြို့ အစွန်မှာ United Kuki National Army (UKNA) အဖွဲ့ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူ Thangkhomang Haokip နဲ့ သူ့ရဲ့ ယာဉ်မောင်းတို့ကို အရင်ဆုံး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အဆိုပါ ကျောင်းသားခေါင်းဆောင် ၂ ဦး အပါအဝင် UKNA စစ်ဦးစီးချုပ် ဟောင်ကစ်ပ်နဲ့ ယာဉ်မောင်း စုစုပေါင်း ၄ ဦးစလုံးကို NIA က အမှုဖွင့် စစ်ဆေးနိုင်ဖို့ ဆက်လက် ထိန်းသိမ်းထားပါတယ်။

ကျောင်းသားခေါင်းဆောင် ၂ ဦးအပေါ် ဘယ်လို စွဲချက်တွေနဲ့ ဖမ်းဆီးသလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ အာဏာပိုင်တွေဘက်က ချက်ချင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘူးလို့ India Today သတင်းဌာနကဖော်ပြပါတယ်။

သို့သော်လည်း ၎င်းတို့နှင့်အတူ ဆက်စပ်ဖမ်းဆီးခံရသည့် UKNA စစ်ဦးစီးချုပ် ထန်ခိုမန်ဟောင်ကစ်ပ်ကတော့ မဏိပူရ်ပြည်နယ်အတွင်း အကြမ်းဖက်မှု အမှုတွဲပေါင်းများစွာနဲ့ အလိုရှိနေတဲ့ အဓိက လက်နက်ကိုင်ခေါင်းဆောင်တစ်ဦး ဖြစ်တယ်လို့ စွပ်စွဲခံထားရသူဖြစ်ပါတယ်။

UKNA ဟာ အိန္ဒိယ ဗဟိုအစိုးရနှင့်ဖြစ်စေ၊ မဏိပူရ် ပြည်နယ်အစိုးရနှင့်ဖြစ်စေ အပစ်အခတ်ရပ်စဲရေး (SoO) သဘောတူညီချက် လက်မှတ် ရေးထိုးထားခြင်း မရှိတဲ့အတွက် အိန္ဒိယ အစိုးရက တရားမဝင် လက်နက်ကိုင်အဖွဲ့တစ်ခုအဖြစ်သတ်မှတ်ပြီး မဏိပူရ်ပြည်နယ် Churachandpur ခရိုင်တဝိုက်မှာ အဓိက အခြေစိုက် လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဟောင်ကစ်ပ် ဦးဆောင်တဲ့ UKNA အဖွဲ့ဟာ မဏိပူရ် ဝန်ကြီးချုပ်ဟောင်း N. Biren Singh ရဲ့ လုံခြုံရေး ကြိုတင်ယာဉ်တန်းကို Kangpokpi ခရိုင် အမှတ် (၃၇) အမျိုးသား အဝေးပြေးလမ်းမပေါ်မှာ ခြုံခိုတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

ဒါ့အပြင် မဏိပူရ်ပြည်နယ် Bishnupur ခရိုင်၊ Tronglaobi ကျေးရွာရှိ အရပ်သား နေအိမ်တစ်လုံးကို မိုင်းခွဲ (IED) တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ကလေးငယ် ၂ ဦး သေဆုံးကာ မိခင်ဖြစ်သူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်မှာလည်း UKNA အဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ NIA ကပြောဆိုထားပါတယ်။

အဆိုပါ ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့လပိုင်းက UKNA ရဲ့ ဘဏ္ဍာရေးတာဝန်ခံကို ဖမ်းဆီးခဲ့ပြီးနောက် အဖွဲ့ခေါင်းဆောင် ဟောင်ကစ်ပ်ကိုပါ လူသတ်မှု၊ ဖောက်ခွဲရေးမှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု အမှုတွဲများစွာနဲ့ ဖမ်းဝရမ်းထုတ် အလိုရှိနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဖမ်းဆီးမှု စစ်ဆင်ရေးအတွင်း လက်အောက်ခံ ထောက်လှမ်းရေးဗျူရို (Subsidiary Intelligence Bureau – SIB) ပါဝင်ခဲ့တယ်လို့ အစောပိုင်းမှာ သတင်းထွက်ပေါ်ခဲ့ပေမဲ့လည်း၊ အခု ဖမ်းဆီးမှုတွေမှာ SIB ပါဝင်ခြင်း မရှိဘူးလို့ အဆိုပါ တာဝန်ရှိသူက ဖြည့်စွက် ရှင်းလင်းသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *