Headlines

ကလေးအကျဉ်းထောင်မှာ အကျဉ်းသား ၈၀ ခန့် အရေးပေါ် ပြင်ပဆေးရုံတက်ရောက် ကုသရန် လိုအပ်နေပေမယ့် ဆေးကုသခွင့် မရ

စက်တင်ဘာလ ၂၄ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊ ကလေးအကျဉ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်တွေ များပြားတာ ခွခြားဆက်ဆံမှုတွေ နဲ့ ထောင်အာဏာပိုင်တွေရဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် နိုင်ငံရေးအကျဉ်းသား ၅၀ အပါအဝင် အကျဉ်းသား ၈၀ ခန့် အရေးပေါ် ပြင်ပဆေးရုံတက်ရောက် ကုသရန် လိုအပ်နေ တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်တွင် ကလေးမြို ပြည်သူ့ဆေးရုံကြီးမှ ပါရဂူအထူးကု ဆရာဝန်တွေက ထောင်အတွင်း လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့စဉ် အရေးပေါ် ပြင်ပဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ အကျဉ်းသား ၈၀ ဦးရှိကြောင်း အတည်ပြုခဲ့တယ်လို့ ဆိုပါတယ် အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား/သူ ၅၀ ဦးအထိ ပါဝင်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ၉ ဦးကိုသာ ပြင်ပဆေးရုံ တက်ရောက်ခွင့် ရရှိခဲ့ပြီး အဆိုပါ ၉ ဦးအနက် နိုင်ငံရေးအကျဉ်းသား ၄ ဦးသာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုအရေးပေါ် ဆေးကုသမှု လိုအပ်နေပေမယ့် ထောင်အာဏာပိုင်များဘက်က အကျဉ်းသား ၁,၀၀၀ အတွက် တစ်လလျှင် တစ်ဦးကို ၁,၀၀၀ ကျပ်နှုန်းဖြင့် ဆေးဖိုး ကျပ် ၁၀ သိန်းသာ ဘတ်ဂျက် ခွဲဝေပေးထားတာတွေကြောင့် ထောင်တွင်းမှာ ပါရာစီတမော (Paracetamol) နှင့် စီဗစ် (Cevit) လို အခြေခံဆေးများကလွဲရင် ဆေးဝါး မလုံလောက်တဲ့ အပြင် အသက်အန္တရာယ်ရှိတဲ့ လူနာတွေအတွက် အဓိကလိုအပ်တဲ့ အရေးပေါ် အောက်ဆီဂျင်နှင့် ကုသရေး အထောက်အကူပြု ပစ္စည်းတွေလည်း ကင်းမဲ့လျက်ရှိတယ်လို့ PPNM က ဖော်ပြထားပါတယ်။

ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများ ကင်းမဲ့နေတဲ့ ကလေးထောင်အတွင်းမှာ နှလုံးရောဂါ၊ သွေးအန်ရောဂါ၊ သွေးတိုးနှင့် ဆီးချိုရောဂါ ခံစားနေရတဲ့ လူနာအများအပြား ရှိနေပြီး ဆေးကုသခွင့်နှင့် ဆေးဝါး ဝယ်ယူစရိတ်တွေကို မိသားစုတွေကသာ စိုက်ထုတ်ပေးနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နယ်ဝေးကနေ လာရောက် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့မှာ မိသားစုများနှင့် အဆက်အသွယ် ပြတ်တောက်နေလို့ ပြင်ပဆေးရုံ တက်ရောက်ရပါက စားသောက်စရိတ်နှင့် ဆေးဝါးစရိတ်များအတွက် ပိုမိုကြီးမားတဲ့ အခက်အခဲများနှင့် ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

ထောင်အတွင်း နှလုံးရောဂါဖောက်ပြန်တဲ့ အခြေအနေဆိုးရွားတဲ့ လူနာတွေနဲ့ ကြုံတွေ့ရရင်လည်း မည်သည့် အသက်ရှူကိရိယာနဲ့ ကုသရေး အထောက်အကူပြု ပစ္စည်းမျှ ပါဝင်ခြင်း မရှိဘဲ ၁၂ မိုင်မှ ၁၃ မိုင်ခန့် ဝေးကွာတဲ့ ကလေးမြို ပြည်သူ့ဆေးရုံ ကိုပို့ဆောင်ရာမှာ အောက်ဆီဂျင်ဗူးနှင့် ပိုက်မျှသာ ပါရှိလို့ လမ်းခုလတ်၌ပင် သေဆုံးရသည့် ဖြစ်စဉ်များ ရှိနေခြင်းဖြစ်ပြီး မကြာသေးခင်ကလည်း အသက် ၂၅ နှစ်မှ ၃၀ နှစ်ကြား ရာဇဝတ်အကျဉ်းသား တစ်ဦးဟာ အောက်ဆီဂျင် ပြတ်တောက်ပြီး ပြင်ပဆေးရုံသို့ အရောက်တွင် အသက်ရှူကျပ်ကာ သေဆုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီလို အခြေအနေတွေ ဆိုးရွားနေပေမယ့် ပြင်ပဆေးရုံ တက်ရောက်ခွင့်ရရှိရန် ထောင်ဝန်ထမ်းတွေကစလို့ ထောင်အာဏာပိုင်များဖြစ်တဲ့ထောင်ပိုင် (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒု-ထောင်ပိုင်၊ ထောင်ဆေးရုံအုပ်၊ သက်ဆိုင်ရာ အဆောင်ကိုအုပ်ချုပ်သူများအထိ အဆင့်ဆင့်ကို ငွေကျပ် ၁၀ သိန်းကနေ ၁၅ သိန်းအထိ လာဘ်ငွေ ပေးဆောင်နေရတယ်လို့လည်း PPNM က ဖော်ပြထားပါတယ်။

ကလေးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်ကို လစ်လျူရှုပြီး လာဘ်ငွေတောင်းခံကာ ဆေးကုသခွင့် ငြင်းပယ်နေတဲ့ လုပ်ရပ်တွေ ကျူးလွန်မှုမြောက်တဲ့ လုပ်ရပ်တွေဖြစ်ပြီး အခုလို အခွင့်အာဏာ အလွဲသုံးစားပြုနေကြတဲ့ စစ်အုပ်စု၊ အကျဉ်းဦးစီးဌာနနှင့် သက်ဆိုင်ရာ ထောင်အာဏာပိုင်တို့ဟာ တိုက်ရိုက် ကျူးလွန်သူများ ဖြစ်ကြောင်းနဲ့ ဒီကျူးလွန်မှုတွေအတွက် ပြန်လည်တာဝန်ယူစေရေး ဆက်လက် ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *