
စက်တင်ဘာလ ၂၄ ရက်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇော်လ်ခရိုင်ထဲမှာရှိတဲ့ မတူပီ ချင်းစစ်ဘေးရှောင်တွေ နေထိုင်တဲ့ စီမွှေးလ်စစ်ရှောင်စခန်း ၂ ခုက နေအိမ် ၄၅ အိမ်ကို အဝေးပြေးလမ်းဖောက်လုပ်မယ့် လမ်းနဲ့ မလွတ်တာကြောင့် ၇ ရက် အတွင်း ဖျက်ခိုင်းကာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက အကြောင်းကြားထားလို့ စစ်ရှောင်တွေ အခက်အခဲကြုံနေကြရတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က စီမွှေးလ်စစ်ရှောင်စခန်းကို အာဏာပိုင်တွေရောက်လာပြီး အဝေးပြေးလမ်းအတွက် ပေ ၃၀ ချဲ့ရာမှာ လမ်းနဲ့ မလွတ်တဲ့ နေအိမ် ၄၅ အိမ်ကို (၇) ရက်အတွင်း ရွှေ့ပြောင်းဖို့ အသိပေးထားတာဖြစ်ပြီး သတ်မှတ်ရက်အတွင်း မပြောင်းရွှေ့ရင် တစ်ရက်ကို ဒဏ်ငွေ ရူပီး ၅၀၀၀ ဆောင်ရမှာလို့လည်း သတိပေးထားကြောင်း စစ်ရှောင်တွေဆီကနေ သိရပါတယ်။
မီဇိုရမ်မှာ စစ်ရှောင်နေတဲ့ မတူပီစစ်ရှောင်တစ်ဦးက “အရင်ပတ်က အစည်းအဝေးမှာ ပြောတယ်တဲ့ ၇ ရက်အတွင်း အပြီးဖြတ်ပြီး ရွှေ့ပြောင်းပေးရမယ်ဆိုပြီး စစ်ရှောင်ပြည်သူတွေဘက်ကလည်း ငါတို့ ဘာမှမပြင်ဆင်ရသေးဘဲ ငါတို့ ၇ ရက်အတွင်း အပြီး အိမ်ဖျက်ရင် ဘယ်မှာ နေကြရမလဲဆိုပြီး စိုးရိမ်နေကြတယ် ၇ ရက်အတွင်းမှာ အိမ်တွေကို အပြီးဖျတ်ရင် မိုးကာ၊ ဝါး၊ သစ် ၊ ငွေတွေ အတော်သင့် လိုကို လိုအပ်တယ် အိမ်တစ်အိမ်ဆောက်ရင် ရူပီးငွေ ၂ သောင်းလောက်တော့ အနဲဆုံး ကုန်ပါတယ် ဆိုတော့ အာဏာပိုင်တွေကို ပြောင်းရွှေ့ဖို့ အချိန် ၁ လ ပေးပြီး စောင့်ပေးဖို့ တာဝန်ရှိသူတွေကိုတောင်းဆိုထားတယ်လို့တော့ သိရတယ်”လို့ပြောပါတယ်။
တစ်နေ့လုပ်တစ်နေ့စားပြီး စားဝတ်နေရေးဖြေရှင်းနေရတဲ့ စစ်ရှောင်တွေအနေနဲ့တော့ အခုလို အာဏာပိုင်တွေက ရွှေ့ပြောင်းခိုင်းရာမှာ နေရာသစ်မှာ အိမ်ဆောက်လုပ်ဖို့ ငွေရေးကြေးရေးခက်ခဲကြသူတွေလည်း ရှိနေကြတယ်လို့လည်း သိရပါတယ်။
လက်ရှိပြောင်းရွှေ့ပေးရမယ့် စီမွှေးလ်စစ်ရှောင်စခန်းမှာ ချင်းပြည်နယ်၊ မတူပီမြို့နယ်ကနေ စစ်ဘေးရှောင်လာကြတဲ့ အိမ်ခြေ ၉၈ အိမ်ခြေနဲ့ လူဦးရေအားဖြင့် ၄၇၀ ခန့် နေထိုင်လျက်ရှိတယ်လို့လည်း သိရပါတယ်။

