
ဇူလိုင်လ ၃ ရက်။
မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း သေဆုံးတဲ့ မြန်မာနိုင်ငံသား ၆၁ ဦးအထိ ရှိခဲ့ပြီး အဲဒီထဲကနေ ချင်းလူမျိုး ၄ ဦးလည်း ပါဝင်တယ်လို့ မလေးရှား မြန်မာလူမူရေးအသင်းက တာဝန်ရှိသူတွေက Chin World Media ကိုပြောပါတယ်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းစခန်းတွင် ဖမ်းဆီးထိန်းသိန်းခံရသူ စုစုပေါင်း ၃သိန်းကျော်ရှိတဲ့ထဲကနေ ဖိလစ်ပိုင်နိုင်ငံကနေ ၂၂၂ ဦး၊ အင်ဒိုနီးရှား ၁၀၉ ဦးနဲ့ မြန်မာနိုင်ငံသား ၆၁ ဦး စုစုပေါင်း ၄၆၅ ဦး သေဆုံးခဲ့တယ်လို့ မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက လွှတ်တော်မှာ တင်ပြခဲ့တဲ့ စာရင်းတွေအရ သိရပါတယ်။
မလေးရှားမြန်မာလူမှုရေးအသင်းက တာဝန်ရှိသူတစ်ဦးက “ မြန်မာနိုင်ငံသား ၆၁ ဦးထဲမှာ ချင်းလူမျိုး ၄ ဦးပေါ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးတယ်။ ၃ဦးကတော့ တီဘီရောဂါနဲ့ ၁ ဦးကတော့ ခြေထောက်အနာရပြီး ရောဂါပိုးဝင်လု့ိ ဆုံးသွားတယ်” လို့ပြောပါတယ်။
သေဆုံးရတဲ့ အကြောင်းရင်းက sepsis ၊ အသက်ရှုလမ်းကြောင်းရောဂါ၊ နုလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ အစာအိမ်အူလမ်းကြောင်းရောဂါတွေ နဲ့ HIV / AIDS ၊ Leptospirosis ၊ meningitis တို့လို စတဲ့ရောဂါတွေကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့် စီမံခန့်ခွဲမှုနဲ့ ထိန်းသိမ်းရေးစခန်း လုပ်ငန်းစဉ်တွေကို တိုးတက်ကောင်းမွန်စေရန် စီစဉ်ဆောင်ရွက်ထားပြီး ထိန်းသိမ်းခံရသူတွေ ရောက်ရှိချိန်တွင် ကနဦးကျန်းမာရေး စစ်ဆေးခြင်း၊ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းနဲ့ ဆေးမှတ်တမ်းတွေကို စနစ်တကျ ထိန်းသိမ်းတို့ကို လုပ်ဆောင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနဘက်က ပြောဆိုထားပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေကြောင့် မလေးရှားနိုင်ငံကို တရားဝင်လမ်းကြောင်းအပြင် တရားမဝင်လမ်းကြောင်းတွေကနေ မြန်မာနိုင်ငံသားအမြောက်များဟာ ပြောင်းရွှေ့အခြေချခဲ့ရပါတယ်။

