Headlines

မီဇိုရမ်ပြည်နယ်၊Aizawl ခရိုင်တွင် အကာအကွယ်မဲ့လိင်ဆက်ဆံမှုကြောင့် HIV ကူးစက်မှုအများဆုံးဖြစ်ပြီး လိင်တူကူးစက်မှုနှုန်းလည်း မြင့်တက်လာ

ဇူလိုင် ၂ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Aizawl ခရိုင်အတွင်း တစ်နှစ်တာအတွင်း HIV ပိုးကူးစက်ခံရသူအသစ် ၁,၀၀၅ ဦး ရှိခဲ့ရာမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကြောင့် ကူးစက်ရတာက အများဆုံးဖြစ်နေပြီး၊ လိင်တူအချင်းချင်း ဆက်ဆံမှုကနေ ကူးစက်တဲ့နှုန်းကလည်း ပိုပြီး မြင့်တက်လာတယ်လို့ ခရိုင်အေ့ဒ်စ်ရောဂါ ကာကွယ်နှိမ်နင်းရေးနဲ့ ထိန်းချုပ်ရေးကော်မတီ (DAPCC) က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

စစ်ဆေးမှုများကို ၂၀၂၅ – ၂၆ တစ်နှစ်အတွင်း အထွေထွေသွေးနမူနာပေါင်း ၃၆,၆၃၄ ခုကို စစ်ဆေးခဲ့ရာကနေ ပိုးတွေ့ရှိမှုနှုန်းဟာ ၂.၇၄ ရာခိုင်နှုန်းအထိ ရှိနေတာ ဖြစ်ပါတယ်။

နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ HIV ပိုးကူးစက်ခံရသူအသစ်တွေထဲမှာ အသက် ၂၅ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်ပိုင်းတွေ အများဆုံးဖြစ်ပြီး ကူးစက်ခံရသူ ၃၈၁ ဦးအထိ ရှိနေပါတယ်။ ဒါ့အပြင် အသက် ၁၄ နှစ်အောက် ကလေးငယ် ၁၄ ဦးနဲ့ အသက် ၅၀ အထက် လူကြီး ၇၉ ဦးတို့လည်း ပိုးတွေ့ရှိခဲ့ရပါတယ်။

လက်ရှိ အိုင်ဇောလ်ခရိုင်မှာ HIV အသက်ကယ်ဆေး (ART) မှတ်ပုံတင်ပြီး သောက်သုံးနေရသူ စုစုပေါင်း ၁၀,၇၁၅ ဦး ရှိနေပြီး၊ အဲဒီအထဲက ၁၄ ဦးကတော့ တီဘီရောဂါ (TB) ပါ တွဲဖက် ခံစားနေရတာ ဖြစ်ပါတယ်။

အများပြည်သူတွေ ကွန်ဒုံးကို အလွယ်တကူ ရရှိနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ ‘Condom Finder’ အက်ပလီကေးရှင်းကိုလည်း စမ်းသပ်ပြသခဲ့ပြီး အဲဒီ App ကို လူသိများအောင် ပိုပြီး အရောင်းမြှင့်တင်ဖို့နဲ့ သုံးရတာ ပိုအဆင်ပြေအောင် ပြင်ဆင်ဖို့တွေကိုလည်း အကြံပြုခဲ့ကြပါတယ်။

အဲဒီကာလအတွင်းမှာပဲ ကိုယ်ဝန်ဆောင်မိခင်ပေါင်း ၈,၅၉၅ ဦးကို စစ်ဆေးခဲ့ရာမှာလည်း ၅၂ ဦးထံမှာ HIV ပိုး ထပ်မံတွေ့ရှိခဲ့ရပြီး မိခင်တွေရဲ့ ပိုးတွေ့နှုန်းဟာ ၀.၆၀ ရာခိုင်နှုန်း ရှိနေပါတယ်။

ကူးစက်ရတဲ့ နည်းလမ်းတွေထဲမှာတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကြောင့် ကူးစက်ခံရတာက ၇၆၂ ဦး (၇၆.၃ ရာခိုင်နှုန်း) ရှိလို့ အများဆုံး ဖြစ်နေပြီး၊ ဆေးထိုးအပ် မျှဝေသုံးစွဲတာကြောင့် ကူးစက်ခံရသူ ၁၆၀ ဦး (၁၄.၇ ရာခိုင်နှုန်း)၊ လိင်တူ/လိင်စုံ ဆက်ဆံမှုကြောင့် ကူးစက်ခံရသူ ၆၂ ဦး (၆.၄ ရာခိုင်နှုန်း) နဲ့ မိခင်ကနေ ကလေးဆီ ကူးစက်တာက ၁၂ ဦး (၁.၅ ရာခိုင်နှုန်း) ရှိတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ လူနာ ၉ ဦးကတော့ ဘယ်လိုနည်းနဲ့ ကူးစက်ခံရလဲဆိုတာကို အတိအကျ မသိရပါဘူး။

ရောဂါကူးစက်နိုင်ခြေ အမြင့်ဆုံးအုပ်စု (High-risk groups) တွေထဲမှာလည်း မူးယစ်ဆေး ထိုးသွင်းသူ ၃,၆၁၃ ဦးကို စစ်ဆေးရာမှာ ၃၉ ဦး၊ အမျိုးသမီး လိင်လုပ်သား ၃၆၆ ဦးကို စစ်ဆေးရာမှာ ၁၂ ဦး နဲ့ အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူ (MSM) ၇,၃၃၃ ဦးကို စစ်ဆေးရာမှာ ၁၃ ဦး အသီးသီး ပိုးတွေ့ရှိခဲ့ရပါတယ်။

ဒီကိန်းဂဏန်း အချက်အလက်တွေကို တနင်္လာနေ့က ဒီစီရုံး (DC Conference Hall) မှာ ပြုလုပ်တဲ့ ခရိုင်အေ့ဒ်စ်ရောဂါ ကာကွယ်နှိမ်နင်းရေးနဲ့ ထိန်းချုပ်ရေးကော်မတီ အစည်းအဝေးမှာ တင်ပြခဲ့တာ ဖြစ်တယ်လို့ Times of India ကဇူလိုင်လ (၁) ရက်နေ့က ဖော်ပြတာဖြစ်ပါတယ်။

ကော်မတီအနေနဲ့ အိုင်ဇောလ်ခရိုင်အတွင်း HIV ပိုးကူးစက်မှုအသစ်တွေကို ထိန်းချုပ်ဖို့ နည်းဗျူဟာတွေနဲ့ ပိုးရှိသူတွေကို ရှာဖွေကုသပေးနိုင်မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *