
ဇူလိုင်လ ၃ ရက်။
ချင်းပြည်နယ်ဟာ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ စီမံကိန်း ကာလအတွင်း ဧပြီလ ၂၀ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်ခံရမှု တိုင်းနဲ့ ပြည်နယ်တွေထဲမှာ ဒုတိယ အများဆုံးနေရာဖြစ်နေတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၂ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ စီမံကိန်း ကာလ အခုလက်ရှိ ရက်ပေါင်း ၇၀ ကျော်အတွင်းမှာတင် စစ်အုပ်စုဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်ပေါင်း ၁,၀၄၅ မှု အထိ ကျူးလွန်ထားပြီးဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုပါတယ်။
အဆိုပါပြစ်မှုကျူးလွန်တဲ့ထဲမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ၊ စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေကို ဒရုန်းနဲ့ လေကြောင်းသုံး စနစ်တကျ ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် ပြည်သူလူထုရဲ့ အိုးအိမ်တွေနဲ့ အရပ်ဘက် အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတဲ့စစ်ရာဇဝတ်မှုတွေ ပါဝင်နေတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေလည်း စစ်ကိုင်းတိုင်းပြီးရင် ချင်းပြည်နယ်မှာ အများဆုံးတိုက်ခိုက်နေပြီး ချင်းပြည်နယ်မှာ ဧပြီလ ၂၀ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၄၉ ရှိခဲ့တယ်လို့ဖော်ပြထားတာတွေ့ရပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီဟာ လေကြောင်းကနေ အရပ်သားပစ်မှတ်တွေကိုပါမချန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဇွန်လ ၂၉ ရက်နေ့ကလည်း မင်းတပ်မြို့နယ်မှာ အသက် ၁၀ နှစ်အရွယ်ဝန်းကျင် အမျိုးသမီးငယ် ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့သူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် အသက် ၁၈ နှစ်အောက် ကလေးငယ် အပါအဝင် လူပေါင်း ၂၇၇ ဦး သေဆုံးခဲ့ရပြီလို့လည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုပါတယ်။

