
DonBosco
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်တာကာလအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၁ သိန်းကျော်အထိ စံချိန်တင်မြင့်တက်လာခဲ့တယ်လို့ ACLED ဒေတာတွေက ဖော်ပြနေချိန်မှာပဲ၊ ကုလသမဂ္ဂနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ဘက်ကလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ ယခင်ကထက် ပိုမိုဆိုးရွားပြိုလဲလာနေပြီး စစ်ကော်မရှင်ဟာ ချင်းပြည်နယ်မှာ သာမန်စစ်ပွဲတစ်ခုကို ဆင်နွှဲနေတာမဟုတ်ဘဲ အကြမ်းဖက်မှု ကမ်ပိန်းတစ်ခုကို လုပ်ဆောင်နေတာဖြစ်တယ်လို့ နိုင်ငံတကာကို ထုတ်ဖော်သတိပေးလိုက်ပါတယ်။
ဒီနှစ် ၂၀၂၆ ဧပြီလ၊မေလမှာ ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်း၊တွန်းဇံမြို့နယ်တွေကို စစ်ကောင်စီပြန်သိမ်းပြီးနောက် တစ်ပြိုင်နက်တည်းမှာပဲ မြန်မာနိုင်ငံအနောက်မြောက်ဖက်ခြမ်း ချင်းပြည်နယ်တောင်ပိုင်းနဲ့ ယောနယ်စပ်ဒေသတွေ၊ ကလေး -ဂန့်ဂေါလမ်း၊ ကလေး-တမူးလမ်း စတဲ့အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပြန်လည်ထိန်းချုပ်ဖို့စစ်ကော်မရှင်ဟာ စစ်မှုထမ်းအသစ်များကို အကာအကွယ်သုံးပြီး အင်အားထောင်ချီနဲ့ စစ်ဆင်ရေးလုပ်ခဲ့ပေမဲ့၊ မိုးတွင်းကာလ မြေပြင်စိန်ခေါ်မှုတွေကြားထဲကနေ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ဟန်ချက်ညီညီ ခုခံမှုကြောင့် ၁ လကျော်အကြာမှာ ရာချီသေဆုံးပြီး ဖွဲ့စည်းပုံပျက်ကာ တပ်လန်ခဲ့ရကြောင်း ချင်းပြည်သူ့အစည်းအရုံး (CPU/A) က ထုတ်ပြန်လိုက်ပြီး၊ မြေပြင်မှာလည်း လေကြောင်းရန်ကြောင့် စစ်ဘေးရှောင်ဦးရေ ပိုမိုမြင့်တက်လာနေပါတယ်။
နိုင်ငံတကာပဋိပက္ခသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ACLED ရဲ့ ၂၀၂၆ ခုနှစ် ဇွန်လ ၂၀ ရက်သီတင်းပတ်အထိ နောက်ဆုံးစုစည်းထားတဲ့ ဒေတာအချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးချိန်ကစလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲနဲ့ ပေါက်ကွဲမှုဖြစ်စဉ်ပေါင်း ၄၉,၇၃၂ ကြိမ် ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁၀၀,၀၀၉ ဦး အထိ ရှိလာခဲ့ပါတယ်။ အဲဒီအထဲက ၆၅ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ လူဦးရေ ၆၅,၉၁၆ ဦး ဟာ စစ်ကော်မရှင်တပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား ဖြစ်ပွားတဲ့ မျက်နှာချင်းဆိုင်တိုက်ပွဲတွေကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ ဇူလိုင်လ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) အစည်းအဝေးမှာလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ လူ့အခွင့်အရေးကောင်စီနှင့် စာချုပ်စာတမ်းများဆိုင်ရာ ယန္တရားများဌာနခွဲမှ ညွှန်ကြားရေးမှူး မာဟာမန် ဆီဆေး ဂူရို (Mahamane Cissé-Gouro) က အခုလို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“စစ်ကော်မရှင်အနေနဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ဒေသတွေနဲ့ အဓိက အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး လေကြောင်းဗုံးကြဲမှုတွေ၊ လက်နက်ကြီး အသုံးပြု တိုက်ခိုက်မှုတွေကို ပိုမိုပြင်းထန်စွာ လုပ်ဆောင်လာနေတာကြောင့် နိုင်ငံတစ်ဝန်း အကြမ်းဖက်မှု ဘေးဒဏ်တွေကို ပြည်သူတွေ အလူးအလဲ ခံစားနေရတယ်”လို့ဆိုပါတယ်။
ACLED ဒေတာတွေအရလည်း မြေပြင်စစ်မြေပြင်တွေမှာ အထိနာလာတာနဲ့အမျှ စစ်ကော်မရှင်ဘက်က လေကြောင်းဗုံးကြဲမှုနဲ့ အဝေးပစ်လက်နက်ကြီး သုံးစွဲမှုဖြစ်စဉ်ပေါင်း ၂၆,၀၈၁ ကြိမ် အထိ ရှိလာခဲ့ပြီး အဲဒီအဝေးပစ်တိုက်ခိုက်မှုတွေကြောင့်တင် လူပေါင်း ၂၃,၃၈၇ ဦး သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် တိုက်ပွဲမရှိဘဲ အရပ်သားတွေအပေါ် တိုက်ရိုက်ပစ်မှတ်ထားအကြမ်းဖက်မှု ဖြစ်စဉ်ပေါင်း ၁၁,၂၆၁ ကြိမ် အတွင်းမှာ သာမန်ပြည်သူ ၉,၈၃၅ ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ တိုက်ပွဲနဲ့မဆိုင်တဲ့ သာမန်အရပ်သားနဲ့ မဟာမိတ်မဟုတ်သူ စုစုပေါင်း ၃၃,၂၂၂ ဦး (စုစုပေါင်း သေဆုံးသူရဲ့ ၃၃ ရာခိုင်နှုန်းကျော်) အထိ သေဆုံးခဲ့ရတဲ့အတွက် အရပ်သားပြည်သူတွေရဲ့ နေ့စဉ်ဘဝလုံခြုံရေးဟာ အင်မတန်မှ ထိခိုက်လွယ်ပြီး စိုးရိမ်ရတဲ့ (Sensitive ဖြစ်တဲ့) အခြေအနေကို ရောက်ရှိနေတာ ကွက်ကွက်ကွင်းကွင်း ထင်ဟပ်နေပါတယ်။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ပြောဆိုမှုတွေအပြင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ကနေ ဇူလိုင်လ ၇ ရက်နေ့အထိ ကျင်းပနေတဲ့ (၆၂) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ပုံမှန်ညီလာခံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူနဲ့ အပြန်အလှန် ဆွေးနွေးတဲ့ အစီအစဉ် (Interactive Dialogue) အတွင်းမှာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ကိုယ်စားလှယ် Salai Za Uk Ling က ဇွန်လ ၁၉ ရက်နေ့မှာ အရေးပေါ် ထည့်သွင်းပြောကြားခဲ့ပါတယ်။
၎င်းက ချင်းပြည်နယ်မှာ စစ်ကော်မရှင်ဟာ သာမန်စစ်ပွဲတစ်ခုကို ဆင်နွှဲနေတာမဟုတ်ဘဲ ဘုရားကျောင်းတွေကို ဗုံးကြဲတာ၊ ရွာတွေကို မီးရှို့တာနဲ့ မိသားစုတွေကို တောထဲထွက်ပြေးရအောင် အတင်းအကျပ် လုပ်ဆောင်တာတွေနဲ့ အကြမ်းဖက်မှု ကမ်ပိန်းတစ်ခုကို ပြုလုပ်နေတာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်ဟာ အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကနေတစ်ဆင့် တရားဝင်ဖြစ်အောင် ကြိုးပမ်းနေပြီး ဒါဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုလိုဖြစ်အောင် (Normalize) လုပ်ဆောင်နေတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။
CHRO အနေနဲ့ မြန်မာနိုင်ငံမှာ စစ်ကော်မရှင်ရဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းတင်တာနဲ့ သက်သေအထောက်အထားတွေကို စုဆောင်းသိမ်းဆည်းတာတွေ လုပ်ဆောင်ပြီးစီးပြီဖြစ်လို့ အကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က လက်တွေ့လုပ်ဆောင်ဖို့ပဲ ကျန်တော့ကြောင်း မေးခွန်းထုတ် တောင်းဆိုခဲ့ပါတယ်။ အထူးသဖြင့် စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် အသုံးပြုနေတဲ့ လေယာဉ်ဆီအပါအဝင် ရက်စက်မှုတွေကို အသက်ဆက်ပေးနေတဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
CHRO ကိုယ်စားလှယ်က ဆက်လက်ပြီး ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ဆီကို လေယာဉ်ဆီ စီးဆင်းမှုမရှိအောင် ဘယ်လိုတားဆီးနိုင်မလဲဆိုတာနဲ့ ပြစ်မှုကျူးလွန်သူတွေ အရှေ့တောင်အာရှမှာ ခိုလှုံခွင့်မရစေဖို့ နိုင်ငံတကာ စီရင်ပိုင်ခွင့် (Universal Jurisdiction) ကို ဘယ်လိုမျိုး တိုးမြှင့်အသုံးပြုနိုင်မလဲဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သေချာအောင် လုပ်ဆောင်ပေးဖို့ အထူးအစီရင်ခံစာတင်သွင်းသူကို ပါ မေးခွန်းထုတ် တောင်းဆိုခဲ့ပါတယ်။
လက်ရှိ မြန်မာ့ပဋိပက္ခရဲ့ စစ်ရေးဗျူဟာပြောင်းလဲမှုကို ကြည့်ရင် စစ်ကော်မရှင်ဟာ အရင်ကလို မြန်မာနိုင်ငံအလယ်ပိုင်းအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖြန့်ကျက်နိုင်စွမ်း (Overstretched) မရှိတော့ဘဲ စစ်မျက်နှာကို သိသိသာသာ ကျုံ့လာနေတာဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယအစိုးရနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း ကုလားတန်ဘက်စုံစီမံကိန်းအပါအဝင် အရေးကြီးတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ မဟာဗျူဟာမြောက်စီမံကိန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် အနောက်မြောက်ဖက်ခြမ်းမှာ အပြင်းအထန် စစ်ဆင်ရေးတွေ ပြုလုပ်လာခဲ့ပါတယ်။
အဲဒီဗျူဟာအရ စစ်ကော်မရှင်ဟာ အသစ်စုဆောင်းထားတဲ့ စစ်မှုထမ်းအသစ်တွေကို ရှေ့တန်းစစ်မျက်နှာမှာ အကာအကွယ် (Cannon fodder) အဖြစ် ပို့ဆောင်ထားပြီး၊ နောက်ဖက် ယောနယ်စပ်ဒေသတွေမှာတော့ စစ်ကော်မရှင်ရဲ့ စစ်တပ်အင်အားအလုံးအရင်းကို ဗျူဟာမြောက် အခိုင်အမာ တပ်ဖြန့်ထားတဲ့ နည်းဗျူဟာကို ပြောင်းလဲသုံးစွဲလာတာဖြစ်ပါတယ်။
အဆိုပါ စစ်ရေးဗျူဟာအရ ပြီးခဲ့တဲ့ မေလ ၁6 ရက်နေ့ကစတင်ပြီး ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေဆီကို စစ်ကော်မရှင်တပ်တွေက အင်အားထောင်ချီနဲ့ နယ်မြေကျူးကျော်စစ်ကြောင်းတွေ ထိုးစစ်ဆင်လာခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကျူးကျော်စစ်ကြောင်းတွေကို ချင်းပြည်သူ့တပ်မတော် (CPA)၊ ယောဒေသက တော်လှန်ရေးတပ်တွေဖြစ်တဲ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)၊ ယောမဟာမိတ် (YA) အပါအဝင် မဟာမိတ်တပ်တွေက ဟန်ချက်ညီညီ၊ စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းခုခံပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့ကြပါတယ်။
ချင်းတောင်တန်းတွေရဲ့ သဘာဝအရ အခုလို မိုးတွင်းကာလဟာ စစ်ဆင်ရေးလုပ်ဖို့ လမ်းပန်းဆက်သွယ်ရေးနဲ့ ရာသီဥတုအရ အင်မတန် ခက်ခဲတဲ့ အချိန်ဖြစ်ပြီး၊ အဲဒီမြေပြင်စိန်ခေါ်မှုတွေကြားထဲကနေ တစ်လကျော်ကြာ ပြင်းပြင်းထန်ထန် တိုက်ပွဲဆင်နွှဲခဲ့ရာမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ရာနဲ့ချီ ကျဆုံးခဲ့ပြီး ဖွဲ့စည်းပုံပျက်ကာ တပ်လန်ကျသွားခဲ့ရတယ်လို့ ဇူလိုင်လ ၂ ရက်နေ့မှာ ချင်းပြည်သူ့အစည်းအရုံး (CPU/A) က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ရန်သူ့အလောင်းတွေ၊ သုံ့ပန်းတွေနဲ့အတူ လက်နက်ခဲယမ်းအမြောက်အမြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ CPA က ထုတ်ပြန်ထားပါတယ်။
မြေပြင်တိုက်ပွဲမှာ အထိနာပြီး တပ်လန်သွားတဲ့ စစ်ကော်မရှင်တပ်တွေဟာ စစ်ရေးပစ်မှတ်နဲ့ အရပ်ဖက်ပစ်မှတ် ခွဲခြားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေကိုသုံးပြီး နေ့စဉ်ရက်ဆက် ရမ်းသန်းပစ်ခတ်မှုတွေ ကျူးလွန်နေပါတယ်။ အထူးသဖြင့် မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ မြေပြင်တိုက်ပွဲ မရှိတဲ့တိုင်အောင် စစ်ကော်မရှင်တပ်က လေကြောင်းကနေ ရက်ဆက်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေဟာ ၎င်းတို့ရဲ့ နေအိမ်တွေမှာ မနေရဲတော့ဘဲ ဘေးလွတ်ရာနေရာတွေကို အစုလိုက်အပြုံလိုက် ပြောင်းရွှေ့နေထိုင်ကြရလို့ ဘေးလွတ်ရာ တိမ်းရှောင်ရမှုဟာ ပိုမိုမြင့်တက်လာနေပါတယ်။
လက်ရှိ မြေပြင်မှာတော့ စစ်ရှောင်ရေးကိစ္စရပ်တွေနဲ့ အရေးပေါ် လုံးပန်းနေရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်လူဦးရေ အတိအကျကိုတော့ စာရင်းကောက်ခံနိုင်ခြင်း မရှိသေးပါဘူး။ အဲဒီလို လေကြောင်းရန်အန္တရာယ် စိုးရိမ်မှုကို လျှော့ချဖို့ တိမ်းရှောင်နေကြရတဲ့ ဒေသခံတွေဟာ နေရာထိုင်ခင်း၊ အမိုးအကာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေသလို၊ မိုးတွင်းကာလ ဖြစ်တာကြောင့် စားနပ်ရိက္ခာတွေ သယ်ယူပို့ဆောင်ရေးမှာလည်း ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သားတွေ ထိခိုက်သေဆုံးတာ၊ ပြည်သူ့နေအိမ်တွေနဲ့ ဘာသာရေးအဆောက်အအုံတွေ ထိခိုက်ပျက်စီးတာတွေလည်း နေ့စဉ်ရှိနေပါတယ်။
မြေပြင်က စစ်ရေးသတင်းတွေကို ပုံမှန်တင်ဆက်နေတဲ့ “ယောအလင်းတန်း” ရဲ့ ဖော်ပြချက်အရ လက်ရှိ တိုက်ပွဲတွေကြောင့် အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ရှောင်ပြည်သူတွေဟာ အခြေခံလူသုံးကုန်ပစ္စည်းတွေ စဉ်ဆက်မပြတ် လိုအပ်နေသလို ရိက္ခာပြတ်လပ်မှုအန္တရာယ်နဲ့လည်း ရင်ဆိုင်နေရပါတယ်။ လတ်တလော ဝေငှထားတဲ့ ဆန်ရိက္ခာတွေဟာ ရက်တိုအတွက်သာဖြစ်လို့ ရေရှည်အတွက် ထပ်မံဖြည့်တင်းဖို့ အရေးပေါ် လိုအပ်နေတာဖြစ်ပါတယ်။ အထူးသဖြင့် အခုလို မိုးရာသီကာလမှာ နေထိုင်ဖို့အတွက် မိုးကာလိပ်တွေနဲ့ ရာသီဥတုကြောင့်ဖြစ်ပွားတတ်တဲ့ ရောဂါတွေအတွက် အခြေခံအိမ်သုံးဆေးဝါးတွေ အမြန်ဆုံးလိုအပ်နေတယ်လို့ သိရပါတယ်။
ယောအလင်းတန်းအဖွဲ့က “ကျွန်တော်တို့အနေဖြင့် အဆင်ပြေနေသေးသည့် အလှူရှင်များနှင့် မြေပြင်က တကယ့်ဒုက္ခသည်များအကြား ခိုင်မာသော ပေါင်းကူးတံတားတစ်စင်းအဖြစ် ရပ်တည်ကာ၊ လှူဒါန်းမှုများကို ဒုက္ခသည်များလက်ထဲသို့ အလေအလွင့်မရှိ တိုက်ရိုက်ရောက်ရှိအောင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်” လို့ ပြောကြားထားပြီး၊ အိမ်ထောင်စုရာနဲ့ချီတဲ့ ပြည်သူတွေရဲ့ ဝမ်းရေးကို ဆက်လက်အသက်ဆက်ပေးနိုင်ဖို့အတွက် မိမိတို့ တတ်နိုင်သရွေ့ အနည်းအများမဆို ဆက်လက်ပါဝင် ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ လေးစားစွာ တိုက်တွန်းနှိုးဆော်ထားပါတယ်။
ACLED ရဲ့ တစ်နိုင်ငံလုံးဆိုင်ရာ သေဆုံးမှု ကိန်းဂဏန်းတွေ၊ ကုလသမဂ္ဂနဲ့ CHRO တို့ရဲ့ နိုင်ငံတကာ စင်မြင့်ထက်က သတိပေးချက်တွေအပြင် ယောနဲ့ ချင်းတောင်ပိုင်းက မြေပြင်စစ်ရေး အလှည့်အပြောင်းတွေဟာ မြန်မာ့ပဋိပက္ခဟာ တော်ရုံနဲ့ ပြီးဆုံးသွားမယ့် သဘောမဟုတ်ဘူးဆိုတာကို ထင်ထင်ရှားရှား ပြသနေပါတယ်။ စစ်ကော်မရှင်ဟာ စစ်မျက်နှာကို ကျုံ့လိုက်ပြီး စစ်မှုထမ်းအသစ်တွေကို အကာအကွယ်သုံးကာ အိန္ဒိယနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွေကို အပြင်းအထန် ပြန်လည်လုယူဖို့ ကြိုးပမ်းနေတဲ့ ဗျူဟာသစ်ဟာ စစ်ပွဲကို ကာလရှည်အထိ ဆွဲဆန့်ဖို့ ပြင်ဆင်နေတာ ဖြစ်ကြောင်း သက်သေပြနေတာပါ။
ဒီလို စစ်ရေးအရ အားပြိုင်မှု ပြင်းထန်ပြီး စစ်ပွဲကာလ ရှည်ကြာလာတာနဲ့အမျှ အဆိုးရွားဆုံး ဘေးဒဏ်ကို အလူးအလဲ ခံစားရမှာကတော့ မြေပြင်က အရပ်သား ပြည်သူတွေပဲ ဖြစ်ပါတယ်။ CHRO က ထောက်ပြသလို စစ်ကော်မရှင်ဟာ သာမန်စစ်ပွဲတစ်ခုကို ဆင်နွှဲနေတာမဟုတ်ဘဲ ပြည်သူလူထုတစ်ရပ်လုံးကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှု ကမ်ပိန်းတစ်ခုကို လုပ်ဆောင်နေတာဖြစ်လို့ ရှေ့ဆက်ပြီး ပိုမိုဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဆိုးကြီးနဲ့ အရပ်သား ထိခိုက်မှု Sensitive ဖြစ်တဲ့ အခြေအနေတွေ ဆက်ပြီး မြင့်တက်လာဖို့ပဲ ရှိနေပါတယ်။
အထူးသဖြင့် လတ်တလော မိုးတွင်းကာလ ယောနဲ့ ချင်းတောင်ပိုင်းက စစ်ဘေးရှောင် ပြည်သူတွေ ကြုံတွေ့နေရတဲ့ ရိက္ခာ၊ မိုးကာလိပ်နဲ့ အခြေခံဆေးဝါး ပြတ်လပ်မှုတွေဟာ နိုင်ငံတကာက လေယာဉ်ဆီ ဖြတ်တောက်ရေးလိုမျိုး ထိရောက်တဲ့ ဖြတ်တောက်မှုတွေ လက်တွေ့မလုပ်ဆောင်နိုင်သရွေ့၊ ပြည်တွင်းပြည်ပကလည်း စစ်ဘေးရှောင်တွေအတွက် ဝိုင်းဝန်းပံ့ပိုးမှုတွေ အရှိန်အဟုန်နဲ့ အသက်မဆက်ပေးနိုင်ဘူးဆိုရင် ပဋိပက္ခဟာ ရှေ့ဆက်ပြီး ပိုမိုနက်ရှိုင်းတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွင်းထဲကို တရှိန်ထိုး ဦးတည်မယ့်အခြေအနေဖြစ်နေပါတယ်။

