Headlines

ကလေးမြို့မှာ ညဘက် လုယက်တဲ့စစ်ကောင်စီစစ်သား ၃ဦး ကို ရပ်ကွက်လုံခြုံရေးများ ဖမ်းမိပြီး ရဲလက်သို့ အပ်

ဇူလိုင် ၄ ရက်။

ဇူလိုင်လ ၃ ရက်နေ့ ညနေ ၈ နာရီခန့်မှာ စစ်ကိုင်းတိုင်း ကလေးမြို့ တပ်ဦးသီတာ ရပ်ကွက် အတွင်း လုံခြုံရေး ကင်းလှည့်နေတဲ့ ရပ်ကွက် လူငယ်များမှ ရပ်ကွက်အတွင်းဆိုင်ကယ် လုယက်အနုကြမ်းစီးတဲ့ စစ်ကောင်စီ ထောက်ပို့ တပ်ရင်းမှ စစ်သား ၃ ဦးကို ဖမ်းမိပြီး ရဲလက်သို့ အပ်နှံ လိုက်ကြောင်း ရပ်ကွက်လူငယ် ၁ ဦး ထံမှ သိရှိရ ပါတယ်။

“တပ်ဦးသီတာ ရပ်ကွက် လူငယ်တွေ အနေနဲ့ ညနေ ၇ နာရီ နောက်ပိုင်း အနုကြမ်းမှုတွေ ခဏခဏ ကြုံရတော့ ရပ်ကွက် လုံခြုံရေး အတွက် ည ၉ နာရီ အထိ ကင်းလှည့်ဖို့ ဇူလိုင် ၂ ရက်နေ့မှာ ရဲစခန်းကို အကြောင်းကြား ခဲ့တယ်။ ရဲစခန်းကလည်း ဒေသ လုံခြုံရေး မှာ အတူလက်တွဲ ကြဖို့ ခွင့်ပြု ကြိုဆို ခဲ့တယ်။ အဲလိုနဲ့ သောကြာ ညမှာ ကင်းတာဝန်ခွဲ နေတုန်း ဆိုင်ကယ်လု အနုကြမ်းစီး ခံရတယ် ဆိုပြီး သတင်း ပို့လာကြတယ်။ ကင်းကျ လူငယ်တွေက ဝိုင်းပိတ် ဖမ်းကြတော့ လူ ၃ ယောက် ဖမ်းမိ သွားတယ်” လို့ တပ်ဦးသီတာ ရပ်ကွက်သား ၁ ဦး က ပြောပါတယ်။

ရပ်ကွက်လူငယ်ခေါင်းဆောင် ပိုင်းတွေက ကင်းကျတဲ့ ရဲများကို သတင်းပို့ပြီး အဆိုပါ လူ ၃ ယောက်ကို ရဲလက်သို့ အပ်ရကြောင်း၊ တာဝန်ကျ ရဲများမှ ရပ်ကွက် လူငယ်များ ရှေ့မှာ စစ်ဆေးခဲ့ရာ ကလေးမြို့ ထောက်ပို့ တပ်ရင်းမှ ဖြစ်တယ်လို့ ထွက်ဆိုကြကြောင်း၊ ဆက်လက် စစ်ဆေးရာမှ စစ်သား ယူနီဖောင်းများ နှင့် လက်ထိတ်ပါ ယူလာသည်ကို တွေ့ရကြောင်း ရပ်ကွက်နေ ပြည်သူများ ထံမှ ဆက်လက် သိရှိရ ပါတယ်။

“စစ်ယူ‌နီ‌ဖောင်းဝတ်ပြီး အပြင်ထွက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရဲတွေက ယူနီဖောင်းနဲ့ အပြင်ထွက်မယ့် အချိန် မဟုတ်ဘူးလို့ သူတို့ကို ဆက်စစ်တော့ KTV သွားဖို့ပါ လို့ ပြောတယ်။ တပ်ဦးသီတာ ရပ်ကွက်က KTV ရှိတဲ့ ရပ်ကွက် မဟုတ်တော့ ရဲတွေက ထပ်စစ်တယ်။ တယောက်ဆို သူပါလာတဲ့ ယူနီဖောင်းကို ဖွက်လာခဲ့တယ်။ သူတို့ ခေါင်းဆောင်လို ဖြစ်တဲ့ တယောက်ကတော့ မျက်နှာပြောင်တိုက်တယ်။ ကြောက်တဲ့ ပုံတောင် မပေါက်ဘူး။ အဲလိုနဲ့ ရဲစခန်းကို ခေါ်သွားခဲ့တယ်” လို့ ရပ်ကွက် လူငယ်က ဆက်လက်ပြောကြား ခဲ့ပါတယ်။

ရပ်ကွက်လူငယ်များ အနေဖြင့် ယင်းစစ်သား ၃ဦးကို ညတွင်းချင်း ပင် ထောက်ပို့ တပ်ရင်းသို့ ရဲများ က အပ်လိုက်သည်ဟု သိရကြောင်း၊ သူတို့ ဓာတ်ပုံကို တွေ့တော့ တခြား အနုကြမ်းစီး ခံရတဲ့ ပုဂ္ဂိုလ်များမှ သူတို့ကို အနုကြမ်းစီးသူများ ဖြစ်တယ်လို့ ရပ်ကွက် လူငယ်တွေဆီမှာ တိုင်ကြား လာကြောင်း ဖြစ်စဉ်၏ နောက်ဆက်တွဲ အခြေအနေများ ကို ရပ်ကွက်လူငယ်များ ထံမှ ဆက်လက် သိရှိရ ပါတယ်။

“အခုဖမ်းခံရတဲ့ ၃ ယောက် ကို တွေ့တော့ ရပ်ကွက်လူငယ်‌တွေ ဆီက တဆင့် ရဲ‌တွေဆီ မှာ သူတို့ လုယှက် ခံရတဲ့ ပစ္စည်းတွေ အရေးယူ ဆောင်ရွက်ပေးဖို့ အကူအညီ တောင်းကြတယ်။ လူငယ်ခေါင်းဆောင်တွေက ရဲစခန်းမှာ အရေးဆိုတော့ လက်မခံဘူး။ နစ်နာသူတွေ ကိုယ်တိုင် ရဲစခန်းမှာ ထွက်ချက် ပေးမှ ဆောင်ရွက် ပေးမယ်လို့ ခေါင်းဆောင်တွေ ဆီ ပြောသွားတယ်။ ကျွန်တော့် အနေနဲ့ အလုခံရတဲ့ သူတွေ ကို ရဲစခန်းသွားပြီး ထွက်ချက်ပေး ကြစေချင်ပါတယ်” လို့ ရပ်ကွက် လူငယ်မှ ဆက်လက် ပြောကြား သွားပါတယ်။

ကလေးမြို့မှာ လုယှက် တာတွေဟာ ည ၇ နာရီ နှင့် ၈ နာရီ ကြားမှာ အဖြစ် အများဆုံး ဖြစ်ကြောင်း ဆက်လက် သိရှိရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *