Headlines

ခမ်းပတ်မြို့ အနီးအနားဝန်းကျင်တွေကို စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းက ဗုံးအလုံးရေအမြောက်အများနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့

ဇွန်လ ၄ ရက်။

အာဏာသိမ်း သမ္မတဦးမင်းအောင်လှိုင် အိန္ဒိယ ခရီးစဉ်ပြီးတဲ့နောက်ပိုင်း အိန္ဒိယ – မြန်မာနယ်စပ်လမ်းကြောင်းတခုဖြစ်တဲ့ ကလေး – ခမ်းပတ် – တမူး လမ်းမ ပြန်ဖွင့်နိုင်ဖို့ ကြိုးစားလာတာရှိပြီး ဒီကနေ့ ဇွန်လ ၄ ရက်နေ့ မနက်အစောပိုင်းကလည်း ခမ်းပတ်မြို့အနီးနားတဝိုက်ကို စစ်ကောင်စီတပ်က ဗုံးအလုံးရေအမြောက်အများနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

အိန္ဒိယ – မြန်မာနယ်စပ် လမ်းမပေါ်မှာရှိပြီး ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်း ၁ နာရီဝန်းကျင်လောက်မှာ Y – 12 နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး စခန်းအနီးအနား ကျတာတွေ ရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့လည်း CNO / CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

“မင်းအောင်လှိုင်အိန္ဒိယဘက် သွားတဲ့ချိန်မှာ အင်တာဗျူးတွေလည်း ကျနော်တို့တွေ့ရတယ် တွေ့ရတာက အိန္ဒိယနဲ့ တမူး ၊ ကလေး လမ်းကြောင်းကို ပထမဆုံး နယ်စပ်ဖွင့်ဖို့ကို သူတို့ဘက်က ကြိုးစားတယ်ဆိုတာတွေ့ရတယ် ဆိုတော့ စစ်ရေးက ကလေးမြောက်ပိုင်းဘက်ကို ထိုးစစ်ဆင်ဖို့ရန်အတွက် သူတို့ဘက်က ကြိုးစားနေတဲ့ အခြေအနေမှာရှိတယ်လို့ သိရပါတယ် အဲဒီနေရာမှာ ကျနော်တို့ အခု ဒီမနက်မှာ Y – 12 နဲ့ ချတာပါ ကျနော်တို့ စခန်းဆိုတာထက် Y – 12 နဲ့ ချတဲ့ချိန် စခန်းအနီးအနား ကျသွားတာရှိပါတယ် ခမ်းပတ်အနီးအနားတဝိုက် ကြတယ်ဆိုတဲ့ပုံစံပါဘဲ ဘာမှ ထိခိုက်ဒဏ်ရာရသူတွေလည်း မရှိပါဘူး” လို့ CNO / CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ အိန္ဒိယ – မြန်မာနယ်စပ် တခုဖြစ်တဲ့ စစ်ကိုင်းတိုင်း ၊ ကလေးမြောက်ပိုင်း ကလေး – ခမ်းပတ် – တမူး လမ်းမတလျောက် ပြန်ဖွင့်နိုင်ဖို့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာတွေ လေကြောင်းတိုက်ခိုက်တာတွေ ပိုလုပ်လာနိုင်တယ်လို့လည်း CNO / CNDF ပြာရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

ခမ်းပတ်မြို့ကို ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ လဆန်းလောက်မှာ ဒေသတွင်း လက်နက်ကိုင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး ဒီကနေ့ အချိန်ထိ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *