Headlines

တပ်တွင်း ကြီးနိုင်၊ ငယ်ညှင်း အနိုင်ကျင့်ခံရလို့ စစ်ကော်မရှင်တပ်သား ၃ ဦး CDF – Asho တပ်ဖွဲ့ထံ အလင်းဝင်

ဖေဖော်ဝါရီလ ၁၉ ရက်။

မကွေးတိုင်း၊ ငဖဲမြို့နယ် ပဇီရွာအနီရှိ (၇) မိုင်ကုန်းစခန်းက စစ်ကော်မရှင်တပ်သား ၃ ဦးဟာ တပ်တွင်း ကြီးနိုင်၊ ငယ်ညှင်း အနိုင်ကျင့်ခံရတာတွေကြောင့် ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho )ထံ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဘက်ပြောင်းအလင်းဝင်ရောက်ခဲ့တယ်လို့ CDF – Asho ရဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ငဖဲမြို့နယ် ပဇီကျေးရွာနဲ့ (၇) မိုင်ခန့်အကွာရှိ နတ်ရေကန်ဗျူဟာကုန်းစခန်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင် တပ်သား သန့်ဇင်ဝင်း၊ ဟိန်းထက်အောင်နဲ့ သဲဇော်အောင်တို့ဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က CDF – Asho ထံ အလင်းဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

အလင်းဝင်လာတဲ့ တပ်သားသန့်ဇင်ဝင်းက “ အလင်းဝင်လာရတဲ့ အကြောင်းအရင်းက သူတို့က ကြီးနိုင် ၊ ငယ်ညှင်း လုပ်တာမျိုးတွေရှိတယ် ပြီးတော့ လစာလည်း အပြည့်အဝ ထုတ်ပေးတာတွေမရှိဘူး ပြီးရင် ကျနော်တို့ကို လက်ထဲမှာငွေသားကိုင်ဆောင်ခွင့်မပေးဘူူူူူူူူူူူး။ အစားအသောက်တွေလည်း အဆင်မပြေဘူး အဲဒီကိစ္စတွေအားလုံးနဲ့ ပက်သက်ပြီးတော့ ကျနော်တို့က ဒီဘက်ကို ဘက်ပြောင်းပြီး အလင်းဝင်တာဖြစ်တယ်” လို့ပြောပါတယ်။

အလင်းဝင်လာသူ ၃ ဦးစလုံးဟာ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူတွေဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့အခြေစိုက် အမှတ် ၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ( စကခ ၁၇) လက်အောက်ခံ ခမရ ၅၂၀ တပ်ရင်းမှာ သင်တန်းဆင်းပြီး နှစ်ပတ်မြောက်မှာ ရှေ့တန်းစစ်မျက်နှာ ပဇီကျေးရွာအနီး နတ်ရေကန်ကာကင်းစခန်းကို ပို့ဆောင်ခံခဲ့ရသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း မကွေးတိုင်း အမ်း – ပဒါန်းလမ်းရှိ နတ်ရေကန်ဗျူဟာကုန်းစခန်ကနေ စစ်ကော်မရှင်တပ်ဖွဲ့ဝင် တပ်သားစိုင်းဟတ် ဟာ CDF – Asho ထံ အလင်းဝင်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *