Headlines

တန်းတူညီမျှမှုရှိတဲ့ ပြည်ထောင်စုသစ်တစ်ရပ်ပေါ်ပေါက်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ CDF – Asho ၃ နှစ်ပြည့်မှာ ထုတ်ပြန်

ဇန်နဝါရီလ ၂၂ ရက်။

တောင်ပေါ် မြေပြန့်အပါအဝင်ပြည်ထောင်စုတစ်ခုလုံးရှိ တိုင်းရင်းသားလူမျိုးစုအားလုံးတွက် ကောင်းမွန်မျှတမှုရှိတဲ့ နိုင်ငံရေးစနစ်တစ်ရပ်ပေါ်ပေါက်ရန်နဲ့ တန်းတူညီမျှမှုရှိတဲ့ ပြည်ထောင်စုသစ်တစ်ရပ် ပေါ်ပေါက်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) တည်ထောင်ခြင်း ၃ နှစ်ပြည့်တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ CDF-Asho က ထုတ်ပြန်ပါတယ်။

ချင်းကာကွယ်ရေးတပ် – အရှို ရဲ့ တော်လှန်ရေးခရီး ၃ နှစ်တာအတွင်း ပြည်တွင်းပြည်ပရှိ တော်လှန်ပြည်သူတွေရဲ့ ပံ့ပိုးဝန်းရံမှုတွေကြောင့် စစ်ဆင်ရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်း ဖော်ဆောင်နိုင်မှုအပေါ် လေးစားဂုဏ်ယူတယ်လို့လည်း ဖော်ပြထားပါတယ်။

ချင်းကာကွယ်ရေးတပ် – အရှို ရဲ့ စစ်ဆင်ရေးတွေမှာ အသက်၊ သွေး၊ ချွေးနဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို စွန့်လွှတ်ပေးဆပ်ခဲ့ရတဲ့ တော်လှန်ရေးရဲဘော် အာဇာနည်သူရဲကောင်းတွေကိုလည် ဂုဏ်ယူလေးစားစွာ အလေးပြုတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) တည်ထောင်ခြင်း ၃ နှစ်ပြည့်တဲ့နေ့မှာ ထုတ်ပြန်ထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ဖြစ်တဲ့ စစ်ဆင်ရေးတွေကြောင့် အသက်ခန္ဓာ အိုးအိမ် ဆုံးရှုံးပြီး နေရပ်စွန့်ခွာခဲ့ကြရတဲ့ ပြည်သူတစ်ရပ်လုံးနှင့်ထပ်တူ ရပ်တည်ခံစားရတဲ့ကြောင်းကိုလည်း အလေးနက် ဖော်ပြလိုတယ်လို့ CDF – Asho က ဆိုပါတယ်။

ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) ဟာ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်စပ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ တစ်ခုလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *