

အောက်တိုဘာလ ၂၄ ရက်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မိုင်းရယ်မြို့ကနေ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်ကို သယ်ဆောင်ရောင်းဝယ်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ဒသမ ၂ သိန်း နဲ့ ဘိန်းဖြူ ၂၉ ဒသမ ၂၃ ကီလို (စုစုပေါင်း တန်ဖိုး ငွေကျပ် ၁၄ ဒသမ ၅၀၁၅ ဘီလီယံ )ကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးအလွဲသုံးစားမှုထိန်းချုပ်ရေး ဗဟိုကော်မတီ(CCDAC) က အောက်တိုဘာလ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်လောက်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့က သတင်းရလို့ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာအနီး ငြိမ်းချမ်းမောင် (ခ) ကုလားလေး မောင်းနှင်လာတဲ့ FORLAND အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ဒသမ ၂ သိန်း (၎င်းတန်ဖိုး ငွေကျပ် ၁၃ ဒသမ ၀၄ ဘီလီယံ) နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြားတွေ သယ်ဆောင်ရာ ပူးပေါင်းပါဝင်သူ ထူးအောင်ကျော်ကိုလည်း စစ်ကိုင်းမြို့နယ် ညောင်ပင်စင်ကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊မိုင်းရယ်မြို့ကနေ ကလေးမြို့သို့ သယ်ဆောင်ခိုင်းသူ မန်တုံမြို့နယ်နေ ယောရှုကို ဖမ်းဆီးရန်ကျန်နေတဲ့အကြောင်းကိုလည်း ဖော်ပြထားပါတယ်။
အလားတူ မူးယစ်ဆေးဝါးတွေကို မိုင်းရယ်မြို့ဘက်ကနေ သယ်ဆောင်လာကြောင်း သတင်းကွင်းဆက်အရ ဆက်လက်ဖမ်းဆီးရေးဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၁၃ ရက်နေ့ညနေ ၄ နာရီခွဲအချိန်မှာ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်တွင် ကျော်ဌေးမောင်းနှင်လာတဲ့ FORLAND အမျိုးအစား မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၉ ဒသမ ၂၃ ကီလို ( ကာလတန်ဖို့း ငွေကျပ် ၁ ဒသမ ၄၆၁၅ ဘီလီယံ) ကို ဖမ်းဆီးရမိခဲ့သလို ဖမ်းဆီးရမိတဲ့ ဘိန်းဖြူတွေကို ဝယ်ယူသူ ပေါင်ရှန်းဟောက်(ခ) ကိုချင်း ကိုလည်း အဲဒီညနေ ၅ နာရီလောက်မှာ ကလေးမြို့ ၊ စက်မှုဇုန်သွားတဲ့လမ်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဘိန်းဖြူတွေကို မိုင်းရယ်မြို့ကနေ ကလေးမြို့နယ်သို့ တာဝန်ခံသယ်ဆောင်သူတွေဖြစ်တဲ့လီလေးကို အောက်တိုဘာလ ၁၃ ရက်နေ့ညနေ ၆ နာရီချိန်မှာဘဲ ကလေးမြို့ မင်္ဂလာဥယာဉ်ရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် ဖမ်းဆီးရမိခဲ့ပြီး စိုးမြင့်(ခ) ကုလားလေး ကိုလည်း အောက်တိုဘာလ ၁၆ ရက်နေ့ညနေ ၅ နာရီအချိန် လားရှိုးမြို့ ၊ ရပ်ကွက် (၇) တွင် အသီးသီးဖမ်းဆီးရမိခဲ့တယ် ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား နဲ့ ဘိန်းဖြူ တို့ရဲ့ စုစုပေါင်း တန်ဖိုးဟာ ငွေကျပ် ၁၄ ဒသမ ၅၀၁၅ ဘီလီယံ ဖြစ်ပြီး ဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုင်းရယ်မြို့ကနေ စစ်ကိုင်းတိုင်း ကလေးမြို့ကို သယ်ဆောင်ရောင်းဝယ်ခဲ့ခြင်းဖြစ်ပြီး ကွင်းဆက်ပြစ်မူ ကျူးလွန်သူတွေကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းကိုလည်း ထုတ်ပြန်ထားပါတယ်။

