
အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူး ကားလမ်းမကြီးဘေးမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်း နန်းစောင်းပုရွာသစ်ကို စက်တင်ဘာလ ၂ ရက်နေ့က ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ဘက်ကနေ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်တွေလည်း ပါဝင်ခဲ့ပြီး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း (၇) ဦးထဲမှာလည်း ကသည်းသူပုန်တွေပါဝင်သလို အလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ အမှတ် – ၁ စစ်ဒေသက စက်တင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့က စစ်ကော်မရှင်တပ်ဘက်မှ ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ မှ ဗိုလ်မှူး ရဲမျိုးမင်းနှင့် ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်းဝင်းစိုးတို့ ဦးစီးသည့် ခမရ (၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆသရ-၆၊ ခလရ (၈၇၊ ၂၂၉)၊ SNA၊ အိန္ဒိယနိုင်ငံသားများဖြစ်သည့် ကသည်း (ULFA)နှင့် နာဂ (NSCN) သူပုန်တပ်ဖွဲ့ အင်အား (၁၃၀) ခန့် ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်ကလည်း ကလေးခရိုင် ကွပ်ကဲရေးမှူး ဦးစီးသည့် ကလေးခရိုင် အမှတ် (၁၊ ၃၊ ၄) တပ်ရင်း၊ အထူးလှုပ်ရှား (၅၊ ၆) တပ်ရင်း၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ ကလေးခရိုင် အထူးစစ်ကြောင်း၊ ကလေးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နှင့် Zoland PDF ပူးပေါင်းအဖွဲ့တို့မှ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင်ထံမှ MA-1 (၃) လက်၊ MA-3 (၁) လက်၊ MA-11 (၁) လက်၊ 7.62 ကျည် (၂၇၇) တောင့်၊ 5.56 ကျည် (၈၉) တောင့်၊ RPG ဗုံးသီး (၁) လုံး၊ RPG ပို့ယမ်း (၃) ခု၊ နင်းမိုင်း (၁၂) ခု၊ မိုင်းရှင်းစက် (၁) ခု၊ ကျည်အိမ်မျိုးစုံ (၁၉) ခုနှင့် မူးယစ်ဆေး အမျိုးအစား (၃) မျိုး သိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခြင်းများအား နေ့စဉ်ပြုလုပ်ခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်သည် ကလေးခရိုင်အတွင်း အိန္ဒိယ နိုင်ငံသားများဖြစ်သည့် ကသည်း (ULFA)နှင့် နာဂ (NSCN) သူပုန်တပ်ဖွဲ့တွေကို ယခုနှစ် ဩဂုတ်လမှ စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ၎င်းအဖွဲ့များသည် ဩဂုတ်လအတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း ခန္တီးခရိုင်အတွင်းမှ စုန်ဆင်းလာသော သင်္ဘောများဖြင့် ပါလာခဲ့ခြင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင် စစ်ကြောင်းဟာ ဩဂုတ် (၆) ရက်နေ့မှ စတင် ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်ပြီး ဩဂုတ်လ (၁၅) ရက်တွင်လည်း ပြည်သူ့ကာကွယ်ရေးဘက်က ရန်သူ့သုံ့ပန်း (၁) ဦး၊ အလောင်း (၃) လောင်းနှင့် လက်နက်မျိုးစုံ (၁၀) လက် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အိန္ဒိယ – မြန်မာနယ်စပ်ကို ဆက်သွယ်ထားတဲ့ ကလေး – တမူး ၊ အာရှလမ်းမကြီးကို စစ်ကော်မရှင်ဘက်က ရွေးကောက်ပွဲမတိုင်ခင် ပြန်လည်ထိန်းချုပ်နိုင်ဖို့ အသည်းအသန် ပြန်လည်တိုက်ခိုက်နေကြောင်းကိုလည်း သိရပါတယ်။