
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇွန်လကနေ စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းဖို့ လူငယ်တွေကိုလိုက်လံဖမ်းဆီးနေတယ်လို့ သတင်းများထွက်ပေါ်နေပြီး ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းမှာ စမ်းမြို့ရပ်ကွက်က ဘီယာဆိုင်တဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၄/ ၅ ယောက်ဝန်းကျင်ကို အရပ်ဝတ်၊ အိမ်စီးကားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင် သွားတာကို ကလေးမြို့ဒေသခံတစ်ဦးက သူမျက်မြင် တွေ့ခဲ့တယ်လို့ Chin World Media ကိုပြောပါတယ်။
ဒေသခံ မျက်မြင်တစ်ဦးက “ဖမ်းတာက နေ့တိုင်းလိုလိုကိုဖမ်းနေကြတယ် ဟိုတနေ့က စမ်းမြို့ရပ်ကွက်က အရက်ဆိုင်ကနေ လူငယ်တွေကို ညနေလောက်မှာ ဆွဲတာ ကျနော်ကိုယ်တိုင်မြင်လိုက်တယ် 4w ကားနဲ့ လူငယ် လေးငါးယောက်လောက်ပါသွားတယ် ဟိုတလောကဆိုရင် ရပ်ကွက်ထဲက ခြင်းဝိုင်းကို ဝင်ပြီးဖမ်းသွားတယ် အကျီချွတ်တွေနဲ့ ပါသွားတယ် အကျီတောင်ဝတ်ခွင့်မရလိုက်ဘူး တန်းဆွဲခေါ်သွားတာပေါ့ ဖမ်းလာပြီဆိုရင် ဒကစကို သွားရင်သွား မသွားရင် စုပေါင်းရုံးဘက်သွားတယ် ဒါပြီးရင် စစ်ဆေးရုံမှာ ဆေးစစ်ဆေးပြီးမှ လေ့ကျင့်ရေး ၁၀ ကိုပို့ မပို့ဘူးဆိုရင် တခြားမြို့တွေကို စစ်တပ်သုံးလေယာဉ်တွေနဲ့ တခြားမြို့တွေ ပို့ပစ်တယ် အဖမ်းဆီးက နေ့တိုင်းလိုလိုရှိနေတယ်” လို့ပြောပါတယ်။
ဇွန်လဆန်းကတည်းကနေ ကလေးမြို့ပေါ်က လူငယ်တွေများတဲ့နေရာတွေကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတာဖြစ်ပြီး အခုလိုဖမ်းဆီးမှုပုံစံနဲ့ဆိုရင် တစ်ပတ်ကို အနည်းဆုံး အယောက် ၃၀ ၊ ၄၀ ဝန်းကျင်တော့ဖမ်းမိနိုင်တယ်လို့လည်း ကလေးမြို့က စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေသူက ပြောပါတယ်။
“တခါတလေ အရပ်ဝတ် တခါတလေတော့လည်း ပျောက်ကျားဝတ်စုံ ( စစ်ဝတ်စုံ) နဲ့ လူဖမ်းခဲ့ပြီးပြီဆိုရင် ကားအနောက်မှာ အနည်းဆုံး ၂ ယောက်က သေနတ်နဲ့ စောင့်ပြီးခေါ်သွားတယ် အိမ်စီးကားတွေနဲ့ အခုက ရဲတွေ ပျူတွေကိုဘဲ တာဝန်ပေးထားတယ်လို့ပြောတယ်” လို့လည်း ကလေးမြို့က စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေသူတစ်ဦးက ပြောပါတယ်။
ယခင်က ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ဖို့ စစ်ကောင်စီရဲ့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် ဆင့်ခေါ်စာတွေ နဲ့အကြောင်းကြားပြီး လူသစ်စုဆောင်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အခုနောက်ပိုင်း ဆင့်ခေါ်စာကြိုတင်ရတဲ့သူက ထွက်ပြေးတိမ်းရှောင်တာတွေကြောင့် စစ်သားသစ်စုဆောင်းတာကို နည်းလမ်းပြောင်းလဲပြီး စစ်သင်တန်းကျောင်းကို ချက်ချင်းခေါ်ဆောင်သွားတာတွေ အခုနောက်ပိုင်း ဒေသတချို့မှာ စစ်ကောင်စီက တပြိုင်တည်း ပြုလုပ်လာနေတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ကို ၂၀၂၄ ခုနှစ် မေလမှာစတင်ခဲ့ပြီး လက်ရှိ စစ်မှုထမ်းအပတ်စဉ် ၁၄ ထိရောက်ရှိနေပြီး စစ်မှုထမ်းအပတ်စဉ် ၁၅ အတွက် လည်း စစ်သားစုဆောင်းဖို့ ပြင်ဆင်လုပ်ဆောင်နေပြီလို့လည်းသိရပါတယ်။