Headlines

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း ချင်းပြည်နယ်က အမျိုးသမီး ၄ ဦး အပါအ၀င် မြန်မာနိုင်ငံအနှံ့က အမျိုးသမီး ၇၁ ဦးသေဆုံး

မေလ ၇ ရက်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း မြန်မာနိုင်ငံအနှံ့က အမျိုးသမီး ၇၁ ဦးသေဆုံးတဲ့အထဲ ချင်းပြည်နယ်က အမျိုးသမီး ၄ ဦးပါဝင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ဒီကနေ့ မေလ ၇ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ အချက်အလက်ရ စစ်ကိုင်းတိုင်းဒေသကြီးက အယောက် ၃၀ မန္တလေးတိုင်းက (၁၄) ဦး ပဲခူးတိုင်းက ၅ ဦးဖြစ်ပြီး စစ်ကိုင်းတိုင်းက ဧပြီလအတွင်း အမျိုးသမီးသေဆုံးမှု အများဆုံး တိုင်းဒေသကြီးဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။

ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ အမျိုးသမီး (၇၁) ဦးထဲက ၁၃ ဦးဟာ အသက် ၁၈ နှစ်အောက်တွေဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရသူလည်း ၅၀ လောက်ရှိသလို ကျန်တာက လေကြောင်းကြောင့် ၄၀ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၅ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၄ ဦး နဲ့ အာရက္ခတပ်ဖွဲ့ဝင်ရဲ့ မုဒိမ်းကျင့်ခြင်းကြောင့် ၁ ဦးတို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ဆိုင်းဇန်ရွာမှာလည်း ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ညက လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး အပါအဝင် မိသားစုဝင် ၆ ဦးသေဆုံးခဲ့ရပါတယ်။

အလားတူ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း မှာ ဒေသခံ (၇) ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *