Headlines

အိန္ဒိယနိုင်ငံရဲ့ မြန်မာ့အရေးချဉ်းကပ်လာမှုကို ကြိုဆိုတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြော

နိုဝင်ဘာလ ၅ ရက်။

အိန္ဒိယအစိုးရရဲ့ ရန်ပုံငွေနဲ့လည်ပတ်နေတဲ့ အိန္ဒိယရဲ့ကမ္ဘာ့ရေးရာကောင်စီ (ICWA )က ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးရာနဲ့ ဖက်ဒရယ်ရေးရာအကြောင်း ဆွေးနွေးပွဲခေါင်းစဉ်နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကို ဖိတ်ကြားတဲ့အပေါ် အိန္ဒိယနိုင်ငံရဲ့ မြန်မာ့ အရေးချဉ်းကပ်လာမှုကို ကြိုဆိုတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့လက်ထောက်အထွေထွေအတွင်းရေးမှူး (၂) ဆလိုင်းထက်နီက ဒီကနေ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ကျင်းပတဲ့ NUG ၊ KNU၊ KNPP ၊CNF ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး(CNF)လက်ထောက်ထွေထွေအတွင်းရေးမှူး (၂) ဆလိုင်းထက်နီက “လက်နက်ကိုင်တော်လှန်ရေးအတွေ့ကြုံအရ အိန္ဒိယရဲ့ ပေါ်လစီက ဗဟိုမှာဘယ်သူအာဏာရရ အဲဒီဗဟိုကို ချိတ်ဆက်ပြီးတော့ ဆက်ဆံရေးမျိုးကို သူတို့က အသားပေးလေ့ရှိတယ် ဒါပေမယ့် ဒီနေ့ဒီအချိန်မှာ အိန္ဒိယကနေပြီးမှ အခုကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အနောက်ဘက်မှာအခြေစိုက်တဲ့ လက်နက်ကိုင် NUG နဲ့ အဲဒီလိုဖိတ်ကြားမှုကတော့ အိန္ဒိယကို ကျနော်တို့ အကောင်းဘက်ကနေ ဦးတည်သွားလိမ့်မယ်လို့ ကျနော်တို့ကတော့ ယူဆတယ် လမ်းပိုပြီးတော့ ပွင့်တာလေ မြန်မာ့နိုင်ငံရေး ဒီနိုင်ငံရဲ့အခင်းအကျင်းမှာ အိန္ဒိယကပိုပြီးတော့ စိတ်ဝင်စားလာတယ်လို့ ကျနော်တို့ကတော့ အဲဒီလို မြင်လို့ရတယ် တဖက်မှာ အိန္ဒိယအပါအဝင် အိမ်နီးချင်းနိုင်ငံတွေ အဓိကလုပ်လေ့ရှိတာက သူတို့ဒေသတွင်း တည်ငြိမ်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနဲ့ သူတို့ရဲ့အကျိုးစီးပွား အဲဒါကိုသူတို့က ထည့်တွက်လေ့ရှိတယ် အဲဒါကြောင့် အိန္ဒိယပြီးတော့ တရုတ်၊ ထိုင်း အဲဒီလို နယ်စပ် အိမ်နီးချင်းနိုင်ငံတွေကို ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အတွေ့အကြုံအရ အမြဲတမ်း သူတို့ရဲ့မူဝါဒပေါ်လစီကို သတိထားရတဲ့အနေအထားမှာ ကျနော်တို့အမြဲတမ်း အဲဒီလို အခုကြိုပမ်းဆောင်ရွက်နေတာဖြစ်တယ် ဘယ်လိုဘဲဖြစ်ဖြစ် အိန္ဒိယနိုင်ငံရဲ့ အခုလို ချဉ်းကပ်လာမှုကို ကျနော်တို့အနေနဲ့ ကြိုဆိုပါတယ်” လို့ပြောပါတယ်။

အိန္ဒိယအစိုးရရဲ့ ရန်ပုံငွေနဲ့လည်ပက်နေတဲ့ အိန္ဒိယရဲ့ကမ္ဘာ့ရေးရာကောင်စီ India Council of World Affairs (ICWA )က ဒီနိုဝင်ဘာလအတွင်းပြုလုပ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးရာနဲ့ ဖက်ဒရယ်ရေးရာအကြောင်း ဆွေးနွေးပွဲကိုအိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသက တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF)၊အာရက္ခတပ်တော်(AA) ၊ ကချင်လွပ်လပ်ရေးတပ်မတော် (KIA) တို့ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ တိုက်ပွဲပဋိပက္ခတွေဟာ မြန်မာနိုင်ငံနဲ့ ပထဝီနယ်နိမိတ်ခြင်းထိစပ်တဲ့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း သက်ရောက်မှုရှိတာကြောင့် မြန်မာ့အရေးကို အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စိတ်ပါဝင်စားသင့်တဲ့အကြောင်းနဲ့ အိန္ဒိယနိုင်ငံရဲ့ အခုလိုစိတ်ဝင်စားတာဟာ ကောင်းတဲ့လက္ခဏာလို့မြင်တဲ့အကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG )နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ဒီကနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *